စပိန်လာလီဂါ ကလပ်အသင်း ဗလင်စီယာဟာ မန်ချက်စတာယူနိုက်တက်ဒ်အသင်းရဲ့ ဥရုဂွေး လူငယ် တိုက်စစ်ကစားသမားလေး ဖာကန်ဒိုပယ်လစ်စထရီကို အခု ဈေးကွက်အတွင်းမှာပဲ (၆)လအငှားနဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် ဖိအားပေး ကြိုးပမ်းလျက် ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Twitter
အသက်(၂၁)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင် လူငယ် တိုက်စစ်ကစားသမားလေး ပယ်လစ်စထရီဟာ ယူနိုက်တက်အသင်းဆီကို ၂၀၂၀ခုနှစ် နွေရာသီကမှ ဥရုဂွေးကလပ် ပင်နဲရိုးလ်အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အရည်အသွေးမြင့် လူငယ်ကစားသမားလေး ပယ်လစ်စထရီဟာ ယူန်ိုက်တက် အသင်းကြီးမှာ ပါဝင်ရဖို့ ရုန်းကန်ခဲ့ရပြီး လာလီဂါကလပ် အလာဗက်စ်အသင်းမှာ နှစ်ကြိမ်တိုင်တိုင် အငှားနဲ့ သွားကစားခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး အသင်းအတွက် တရားဝင်ပွဲစဉ် တစ်ပွဲမှ ပါဝင်ခွင့် မရရှိသေးထားတဲ့ ပယ်လစ်စထရီဟာ ချာတန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲမှာပဲ ယူနိုက်တက်အတွက် ပထမဆုံး competitive debut ကို စတင်ခွင့်ရခဲ့သလို ရပ်ရှ်ဖို့ဒ်သွင်းဂိုးကိုပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။
Photo Credit : Stretty News
ဥရုဂွေးအသင်းရဲ့ သက်တမ်းလိုက်အသင်းတွေမှာ ရွေးချယ်ခံခဲ့ရသူ ပယ်လစ်စထရီဟာ ယူနိုက်တက်မှာသာ ပွဲကစားခွင့်တွေ မရရှိသေးပေမယ့် ဥရုဂွေးလက်ရွေးစင်အသင်းကတော့ သူ့ကို ၂၀၂၀ခုနှစ် နှစ်အစပိုင်းကတည်းက အသင်းမှာ ရွေးချယ်ခဲ့သလို ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဥရုဂွေးအသင်းရဲ့ world cup squad ထဲ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ ယူနိုက်တက်အတွက် ချာတန်နဲ့ လိဂ်ဖလားပွဲမှာသာ ပွဲထွက်ကစားရသေးတဲ့ ပယ်လစ်စထရီဟာ ဥရုဂွေးအသင်းအတွက်တော့ (၁၀)ပွဲအထိပါ ကစားထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဥရုဂွေးလက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရပေမယ့်လည်း ယူနိုက်တက်ဒ်အတွက် (၁၀)မိနစ်ဝန်းကျင်လေးသာ ကစားထားရသေးတဲ့ ပယ်လစ်စထရီကို လာလီဂါကလပ် ဗလင်စီယာအသင်းနဲ့ စီးရီးအေ ကလပ်အသင်းနှစ်သင်းတို့က ကမ်းလှမ်းမှုတွေ ပြုလုပ်ထားသလို ဘရာဇီးလ်ကလပ် ဖလာမင်ဂိုကို ပယ်လစ်စထရီကို အငှားနဲ့ ခေါ်ယူချင်ပေမယ့် လက်ရှိမှာတော့ လက်လျှော့လိုက်ပြီလို့ သိရပါတယ်။ ပယ်လစ်စထရီအနေနဲ့ကလည်း ယူနိုက်တက်ဒ်မှာပဲ ဆက်လက် ရှိချင်နေပေမယ့် ပွဲကစားခွင့်အတွက် အငှားနဲ့ ထွက်ခွာသွားဖို့ ဆန္ဒရှိနေပြီး ယူနိုက်တက်ဒ်ဘက်ကလည်း ပယ်လစ်စထရီကို အငှားထွက်ခွင့် ပြုမပြုဆိုတာကို လာမယ့် ရက်သတ္တပတ်အတွင်းမှာပဲ ဆုံးဖြတ်သွားမှာ ဖြစ်သလို အငှား ကမ်းလှမ်းထားတဲ့ အသင်းတွေထဲကမှ ဘယ်အသင်းဆီ စေလွှတ်မလဲဆိုတာကိုပါ တစ်ပါတည်း အပြီးသတ် ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။