စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်က သူတို့အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ကူညာကို ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်ထံ ရောင်းထုတ်ခဲ့ပြီးနောက် နောက်ထပ် တိုက်စစ်မှူး တဦး ဖြစ်သူ ဂျာအို ဖီးလစ်ကိုလည်း ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ အငှားချဖို့ ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေ အရ သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်က ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် လာမယ့် ဇန်နဝါရီဈေးကွက် အတွင်းမှာ ရှိရင်းစွဲ ကစားသမားတွေ အနက် အနည်းဆုံး ၃ဦးကို အသင်းကနေ စွန့်လွှတ်ရဖို့ ရှိနေပြီး ကူညာနဲ့ ဂျာအိုဖီးလစ်တို့က သူတို့အသင်း ကနေ ထွက်ခွာခွင့် ရထားတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအို ဖီးလစ်က ဘင်ဖီကာ ကနေ အက်သလက်တီကို မက်ဒရစ်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် သူဟာ အက်သလက်တီကို မက်ဒရစ်မှာ မျှော်မှန်းထားသလောက် အောင်မြင်မှုတွေ မရခဲ့သလို အက်သလက်တီကို မက်ဒရစ်နည်းပြ ဆီမြွန်နီနဲ့ သူ့ရဲ့ ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေလည်း ရှိနေပါတယ်။

ဒါကြောင့်ပဲ အက်သလက်တီကို မက်ဒရစ်က ဂျာအို ဖီးလစ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့တာ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်က ဂျာအို ဖီးလစ်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ရောင်းချချင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်က ဆိုပါတယ်။

Photo Credit: Goal

ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ အက်သလက်တီကို မက်ဒရစ်က ဂျာအို ဖီးလစ်ကို ဘဏ္ဍာရေးပိုင်း တောင့်တင်းသလို တိုက်စစ်မှူး လိုအပ်ချက်လည်း ရှိနေတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းထဲက တသင်းဆီ အငှားချဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကလည်း ဂျာအို ဖီးလစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးက ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ပစ်မှတ်က ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ပို ဖြစ်နေတာကြောင့် အာဆင်နယ်က ဂျာအိုဖီးလစ်ကို ခေါ်ယူနိုင်ဖို့ ပိုမို အလားအလာ ကောင်းနေပါတယ်။