ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ဟောင်း တဦး ဖြစ်သလို လက်ရှိမှာ လန်ဒန်မြို့ခံကလပ် ချယ်လ်ဆီးမှာ ကစားနေတဲ့ အူဘာမီယန်းကတော့ သူဟာ အာဆင်နယ်နဲ့အတူ အမှတ်တရတွေ ရှိခဲ့ပေမယ့် ယနေ့ညမှာ ကစားမယ့် ချယ်လ်ဆီးနဲ့ အာဆင်နယ်ပွဲမှာ ချယ်လ်ဆီးနဲ့အတူ ပွဲကို အနိုင်ရရှိအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဂါဘွန် အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းက ၂၀၁၈ခုနှစ် ကနေ ယခုနှစ် ဇန်နဝါရီလ အထိ အာဆင်နယ် အတွက် ၄နှစ်ကြာအောင် ကစားပေးခဲ့ဖူးပြီး သူဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် တာဝန်ကိုလည်း ကာလရှည် တာဝန်ယူခဲ့သူပါ။

Photo Credit: Football London

အူဘာမီယန်းက ဒေါ့မွန်ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့လာပြီးနောက် အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၁၆၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉၂ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၁ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းနဲ့အတူ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို အရယူနိုင်ခဲ့ပါတယ်။

အူဘာမီယန်းက အာဆင်နယ်နဲ့အတူ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် ယခုနှစ် အစောပိုင်းမှာတော့ အာဆင်နယ် ကနေ ဘာစီလိုနာထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဘာစီလိုနာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီ အစမှာ ဘာစီလိုနာ ကနေ ချယ်လ်ဆီးထံ ပြန်လည် ပြောင်းရွှေ့ခွင့် ရခဲ့ပါတယ်။

Photo Credit: Football London

အူဘာမီယန်းက ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃ဂိုး သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ကာ ပွဲထွက် တိုက်စစ်မှူး အဖြစ် ကစားခွင့် ရနေပြီး ယနေ့ညမှာ ကစားမယ့် ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာလည်း အူဘာမီယန်းက ချယ်လ်ဆီးရဲ့ တိုက်စစ်ကို ဦးဆောင်လာဖို့ ရှိနေပါတယ်။

အူဘာမီယန်းကတော့ အသင်းဟောင်း အာဆင်နယ်နဲ့ တွေ့ဆုံတဲ့ပွဲမှာ ချယ်လ်ဆီးနဲ့အတူ နိုင်ပွဲ အရယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြလာပါတယ်။ အူဘာမီယန်းက – “ဒီပွဲက ကျွန်တော့် အတွက် အတော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲပါ။ အာဆင်နယ်က အခုချိန်မှာ ခြေစွမ်း အတော်လေး ကောင်းနေတယ်လို့ ပြောရပါမယ်။ ကျွန်တော်က အာဆင်နယ် အတွက် ကစားပေးခဲ့သလို အသင်းနဲ့အတူ အမှတ်တရတွေလည်း ရှိခဲ့ဖူးပေမယ့် အခုချိန်မှာတော့ ကျွန်တော်က ချယ်လ်ဆီး ကစားသမား ဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ အနိုင်ရဖို့ပဲ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က အိမ်ကွင်းမှာ ကစားရဖို့ ရှိနေတာကြောင့် အာဆင်နယ်ကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ကျွန်တော့်အတွက် အာဆင်နယ်နဲ့ ကစားရမယ့်ပွဲက ပျော်စရာကောင်းတဲ့ပွဲ ဖြစ်လာပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။