အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက သူတို့အသင်းအနေနဲ့ UEFA Nations League ပြိုင်ပွဲအတွင်း (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားရပေမယ့်လည်း အသင်းပရိသတ်တွေအနေနဲ့ လာမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှသာ သူတို့အသင်းရဲ့ စွမ်းဆောင်ရည်တွေကို ပိုမို အကဲဖြတ်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
Photo Credit : Daily Mail
အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်းဟာ ၂၀၂၂-၂၀၂၃ Nations Leagueပြိုင်ပွဲမှာ ခြေစွမ်းရော ရလဒ်ပိုင်းပါ လုံးဝ အားရစရဂာ အနေအထားမှာ ရှိမနေပဲ အုပ်စု လက်ကျန်ပွဲတစ်ပွဲ မကစားရသေးခင်မှာပဲ League (B)ဆီကို တန်းဆင်းသွားခဲ့ရပါတယ်။ ဒီအခြေအနေတွေကြောင့် အင်္ဂလန်ပရိသတ်တွေက စိတ်ပျက်နေရပေမယ့်လည်း အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းကတော့ အသင်းပရိသတ်တွေအနေနဲ့ အခုပြိုင်ပွဲထက် မကြာခင်မှာ စတင် ကျင်းပတော့မယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှသာ သူတို့အသင်းကို အကဲဖြတ်ပေးသွားဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Photo Credit : Daily Mail
ဟာရီကိန်းက ” ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်လည်း အင်္ဂလန်ပရိသတ်တစ်ဦး ဖြစ်ခဲ့သလို အခုလည်း အင်္ဂလန်ကို အားပေးနေတုန်းပါပဲ။ ကျွန်တော် ပါဝင်ကစားရခြင်း ရှိရှိမရှိရှိ အားပေးနေတာပါ။ ဒါကြောင့်မို့လည်း နားလည်မိပါတယ်။ ဒါပေမယ့် နိုဝင်ဘာလမှာ ဘာဖြစ်လာမလဲဆိုတာကို အကဲဖြတ်ရတော့မှာပါ။ တကယ်လို့ ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ အောင်မြင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ နွေရာသီမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး စိတ်ပူကြတော့မှာ မဟုတ်ပါဘူး။ ဒါက အဓိကအချက်ပါပဲ။ ကျွန်တော်တို့ တိုးတတ်ဖို့ လိုနေသေးတယ်ဆိုတာကိုလည်း ကျွန်တော်သိပါတယ်။ ပရိသတ်တွေက အရမ်းကို ကောင်းမွန်ပြီး ကျွန်တော်တို့တွေနဲ့လည်း အမြဲ အတူတူရှိနေပါတယ်။ တနင်္လာနေ့ ဂျာမနီနဲ့ပွဲမှာ ကျွန်တော်တို့ကို လာရောက်အားပေးမှာ ဖြစ်ပြီးတော့ ဘယ်လိုတွေ ဖြစ်ခဲ့ဖြစ်ခဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေမှာလည်း သေချာပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ မကြုံရခင်က ကျွန်တော်တို့ (၂၂)ပွဲဆက် ရှုံးပွဲမရှိစံချိန် ရရှိခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့တွေ ဝင်ဘလေမှာ ဂျာမနီအသင်းနဲ့ ရင်ဆိုင်ရဦးမယ့် နောက်ထပ် ပွဲစဉ်တစ်ပွဲလည်း ကျန်ရှိနေပါသေးတယ်။ စ်ိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲကြီးတစ်ပွဲပါပဲ။ ဒီပွဲမှာ ကျွန်တော်တို့တွေ အကောင်းမွန်ဆုံး စွမ်းဆောင်ပြီးတော့ ကောင်းမွန်တဲ့ ခံစားချက်တချို့ကို ရယူသွားဖို့ သေချာပေါက် လိုအပ်ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။