ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဂနာဘရီက ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့ပေမယ့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး ဂျာမန်သတင်းဌာန Kickerက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ဂျာမန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂနာဘရီက ၂၀၁၇ခုနှစ်မှာ ဝါဒါဘရီမင်ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈သန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး ယခုအချိန်မှာတော့ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်နေပါပြီ။

Photo Credit: Kicker

ဂနာဘရီက ဘိုင်ယန်မြူးနစ် အတွက် ၄နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၁၇၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄၀ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ ဘိုင်ယန်မြူးနစ်က သူ့ကို ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုဖို့ ကြိုးပမ်းနေတာပါ။

ဘိုင်ယန်မြူးနစ်က ဂနာဘရီကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ဆုံးမီကတည်းက ကြိုးပမ်းနေတာ ဖြစ်ပေမယ့် ဂနာဘရီဘက်က တောင်းဆိုထားတဲ့ လစာကို ပေးချေဖို့ တွန့်ဆုတ်ခဲ့တာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာနေတာ ဖြစ်ပြီး ပရီးမီးယားလိဂ် အင်အားကြီး ကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေရာတဲ့ ဂနာဘရီကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေကြပါတယ်။

Photo Credit: Kicker

ဒါပေမယ့် ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်တဲ့ ဂနာဘရီကို လက်လွှတ်ဖို့ ဆန္ဒမရှိပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဂနာဘရီရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ သူတို့ဟာ ဂနာဘရီဘက်က လိုချင်နေတဲ့ လုပ်ခလစာမျိုး မပေးနိုင်ပေမယ့် ယခင် ရနေတဲ့ လုပ်ခလစာထက် ပိုများတဲ့ လုပ်ခလစာ ပမာဏ တရပ်ကို ပေးချေဖို့ စိတ်ကူးထားကြောင်း အသိပေးခဲ့တယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Kicker သတင်းဌာနက ဆိုပါတယ်။

Kicker သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဂနာဘရီကို လုပ်ခလစာ တိုးမြှင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့တာကြောင့် ဂနာဘရီက ဘိုင်ယန်မြူးနစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်က ဂနာဘရီကို ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။