ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြ ဖြစ်လာတဲ့ ဝိန်းရွန်းနီကတော့ သူ့ရဲ့ ပြိုင်ဘက်ဟောင်း တဦး ဖြစ်တဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း လူးဝစ် ဆွာရက်ဇ်ကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း ဒီစီ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ဥရုဂွေး ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ယခု နွေဈေးကွက် အတွင်းမှာမှ စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ လမ်းခွဲထားတဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး သူက ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် သွင်းဂိုးတွေ အတွက် အာမခံချက် အပြည့် ပေးနိုင်ပါသေးတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဒီစီ ယူနိုက်တက် အပါအဝင် အမေရိကန် မေဂျာလိဂ်ကလပ်တွေ ၊ တောင်အမေရိက ကလပ်တွေနဲ့ ဥရောပ နာမည်ကြီးကလပ် တချို့က ဆွာရက်ဇ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး ဆွာရက်ဇ်ရဲ့ ပထမ ဦးစားပေးကတော့ ဥရောပမြေမှာ ဆက်လက် ကစားနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ဝိန်းရွန်းနီကတော့ သူဟာ လူးဝစ် ဆွာရက်ဇ်ကို ကစားသမား တဦး အနေနဲ့ လေးစားပေမယ့် အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ် ကစားနိုင်မယ့် ကစားသမားတွေကိုပဲ အသင်းအတွက် ခေါ်ချင်ပါတယ်လို့ ဒီစီ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ရွန်းနီက – “ကျွန်တော်က လူးဝစ် ဆွာရက်ဇ်အပေါ် လေးစားမှု အပြည့် ရှိပါတယ်။ ကစားသမား တယောက် အနေနဲ့ ပြောရရင် သူက မယုံနိုင်စရာ ကောင်းတဲ့ ကစားသမားမျိုးပါ။ ကျွန်တော်က အောင်မြင်မှုတွေကို ဆာလောင်တဲ့ ကစားသမားမျိုးတွေ လိုချင်ပါတယ်။ ကျွန်တော်က အသင်းအတွက် အပြည့်အဝ ပေးဆပ်နိုင်မယ့် ကစားသမားမျိုး ၊ အသင်းအတွက် အချိန်တိုင်း ၊ လေ့ကျင့်ခန်း အစီအစဉ်တွေတိုင်း ၊ ပွဲတိုင်းမှာ အားသွန်ခွန်စိုက် ကြိုးပမ်းမယ့် ကစားသမားမျိုးတွေကို လိုချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အသင်းရဲ့ ဆန္ဒနဲ့ ကိုက်ညီမယ့် ကစားသမားမျိုးတွေကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။