လက်ရှိစာချုပ် မကုန်ဆုံးခင်မှာ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီး ချယ်လ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလီရဲ့လက်ထက် ပထမဆုံး ခေါ်ယူနိုင်မယ့် ကစားသမား ဖြစ်လာတော့မယ်လို့ပါ ယူဆခံခဲ့ရတဲ့ အူစမန်ဒမ်ဘီလီဟာ အခုလက်ရှိမှာတော့ သူရဲ့လုပ်ခလစာကို လျှော့ယူပြီး ဘာစီလိုနာအသင်းနဲ့သာ ဆက်လက်ရှိနေသွားတော့မယ်လို့ သိရှိရပါတယ်။
Photo Credit : TEAMtalk
စပိန်နိုင်ငံ အခြေစိုက် Mundo Deportivo သတင်းမီဒီယာရဲ့ ဖော်ပြချက်များအရ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက်သူရဲ့ လက်ရှိ လုပ်ခလစာကို (၄၀)%ထိ လျှော့ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဒမ်ဘီလီကို သက်တမ်းတိုးရာမှာ ဘာစီလိုနာနည်းပြ ဇာဗီက အဓိက အခန်းကဏ္ဍာကနေ ပါဝင်ခဲ့တာဖြစ်ပြီး ဇာဗီကိုယ်တိုင် ဒမ်ဘီလီကို သက်တမ်းတိုးပေးဖို့ ကလပ်အသင်းအပေါ် တောင်းဆိုခဲ့တာ ဖြစ်သလို ဒမ်ဘီလီက သူ့အတွက် အခြေခံအကျဆုံးသော ကစားသမားတစ်ဦး ဖြစ်တယ်လို့ပါ ဇာဗီက ရှင်းလင်းပြောဆိုခဲ့ပါသေးတယ်။
Photo Credit : Marca
လက်ရှိမှာတော့ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို ပြန်လည်ရောက်ရှိနေပြီ ဒီတစ်ပတ်အတွင်းမှာပဲ သူရဲ့ စာချုပ်သစ်ကိစ္စ အပြီးသတ်နိုင်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာဘက်ကတော့ ဒမ်ဘီလီကို ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိမယ့် (၂)နှစ်စာချုပ်သာ ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ၂၀၁၇ခုနှစ်မှာ နေမာနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ဘာစီလိုနာအသင်းဆီကို ဒေါ့မွန်အသင်းကနေ ယူရို(၁၄၅)သန်း (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ မကြာခဏ ရရှိနေတဲ့ ဒဏ်ရာပြသာနာတွေကြောင့် (၅)နှစ်တာ ကာလအတွင်း အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၁၅၀)သာ ပါဝင်ခဲ့ရသလို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာဆိုရင်လည်း ပြိုင်ပွဲစုံမှာ (၉)ပွဲသာ ပါဝင်ရတဲ့အထိ ဒဏ်ရာပြသာနာတွေရဲ့ ထိုးနှက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဇာဗီ ဘာစီလိုနာနည်းပြအဖြစ် ပြန်လည်ရောက်ရှိလာချိန်မှာ ဒမ်ဘီလီကို ပွဲကစားခွင့်တွေ ပြန်ပေးရင်း နည်းပြရဲ့ယုံကြည်မှု ရရှိလာတဲ့ ဒမ်ဘီလီလည်း သူရဲ့ခြေစွမ်းကောင်းတွေကို ပြသလာနိုင်ခဲ့ပါတယ်။ အခုလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ သေချာသွားခဲ့ပြီဖြစ်တဲ့ ဒမ်ဘီလီကို လာမယ့်ရာသီမှာလည်း ဘာစီလိုနာအသင်းမှာသာ ဆက်လက်မြင်တွေ့ရတော့မှာဖြစ်ပြီး အသင်းကို လိဒ်စ်က ရာဖင်ညာပါ ရောက်လာနိုင်ဖွယ်ရှိလို့ နေရာအပြိုင်လုရဖွယ် ရှိနေပါတယ်။