ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းကြီး နှစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာ တိုက်စစ်ပိုင်းအတွက် ထိပ်သီးကစားသမားတစ်ဦးစီ အသီးသီး ခေါ်ယူထားကြပြီး ဒီကစားသမားတွေကလည်း အသက်အရွှယ်ပိုင်း မတိမ်းမယိမ်းလောက်သာ ရှိနေသလို ပရီးမီးယားလိဂ်ကိုလည်း အခုမှသာ ပထမဆုံး ရောက်ဖူးလာကြမယ့်သူတွေ ဖြစ်နေတာကြောင့် ဒီကစားသမားနှစ်ဦးရဲ့ ခြေစွမ်းတွေကို မန်စီးတီး လီဗာပူးလ်အသင်းတွေရဲ့ ပရိသတ်တွေသာမက တခြားအသင်းပရိသတ်တွေပါ စောင့်ကြည့်နေကြမှာတော့ သေချာပါတယ်။
Photo Credit : Tuttosport
ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ အသင်းရဲ့ အထောင်တိုက်စစ်နေရာအတွက် နော်ဝေကြယ်ပွင့်လေး အာလင်းဟော်လန်းကို ခေါ်ယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးကို အနီးစပ်ဆုံး ဖိအားပေးနိုင်ခဲ့တဲ့ လီဗာပူးလ်ဟာလည်း ဥရုဂွေးတိုက်စစ်မှူးလေး ဒါဝင်နူနက်ဇ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးလုံးဟာ ဥရောပရဲ့ ပရိသတ် စိတ်ဝင်စားမှု အရှိဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ရောက်ရှိလာခဲ့ပြီဖြစ်လို့ သူတို့တွေရဲ့ စွမ်းဆောင်ရည်တွေ သွင်းဂိုးတွေက သူတို့ရဲ့ သက်ဆိုင်ရာအသင်းတွေအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲဆိုတာကို မကြာခင်မှာပဲ မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။
Photo Credit : News Net Daily
မနေ့ နေ့လည်ပိုင်းကပဲ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားတွေကို ထုတ်ပြန်လာခဲ့ရာ ခရစ္စတယ်ပဲလေ့စ်နဲ့ အာဆင်နယ်အသင်းတို့က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ အဖွင့်ပွဲအဖြစ် သြဂုတ်(၅)ရက်နေ့ သောကြာမနက်(၁)နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ရာသီသစ် ပရီးမီးယားလိဂ်ရဲ့ အဖွင့်ပွဲစဉ်က လန်ဒန်ဒါဘီပွဲစဉ် ဖြစ်နေသလို ပရီးမီးယားလိဂ် မျက်နှာသစ် ကစားသမားနှစ်ဦးဟာလည်း သူတို့ရဲ့ ပရီးမီးယားလိဂ် တာအထွက်မှာ လန်ဒန်အခြေစိုက် ကလပ်အသင်းတွေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ပဲလေ့စ်နဲ့အာဆင်နယ်တို့ရဲ့ Friday လန်ဒန်ဒါဘီပွဲအပြီး စနေနေ့ အစောပိုင်း ညနေ(၆)နာရီပွဲအဖြစ် လီဗာပူးလ်က တန်းတတ်ဖူလ်ဟမ်အသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ် တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်က သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဟော်လန်းရဲ့ မန်စီးတီးကတော့ super Sunday နောက်ဆုံးပွဲအဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ တနင်္ဂနွေနေ့ ည(၁၀)နာရီမှာ ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ဟော်လန်းနဲ့နူနက်ဇ်တို့ လန်ဒန်မြေမှာ သူတို့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်အတွင်း ဈေးဦးပေါက် သွင်းဂိုးတွေပါ ရရှိနိုင်မလား စိတ်ဝင်စားစရာကောင်းနေပါတယ်။