ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်ဂျူနီယာက သူရဲ့ ရီးယဲလ်အသင်းဖော် ဝါရင့် တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာကို ၂၀၂၂ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကို ပိုင်ဆိုင်သွားစေချင်ပေမယ့် ၂၀၂၂ခုနှစ် world cup final မှာ ဘရာဇီးလ်အသင်းကို အနိုင်ယူပြီး world cup ကို ရယူသွားချင်တာမျိုးတော့ မဖြစ်လာစေရဘူးလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Goal
ဗင်နီစီယပ်စ်နဲ့ ဘန်ဇီမာတို့ တိုက်စစ်အတွဲအဖက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းက ရီးယဲလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ပြင်သစ်တိုက်စစ်မှူးကြီး ဘန်ဇီမာကတော့ ရီးယဲလ်အသင်းအတွက် သွင်းဂိုး(၄၄)ဂိုးထိ သွင်းယူနိုင်ခဲ့သလို အသင်းနဲ့လည်း အဓိကဆုဖလားနှစ်ခုကိုပါ ပိုင်ဆိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၂၀-၂၀၂၁ UEFA Nations League ဆုဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ကစားသမားဘဝအတွင်း တစ်ကြိမ်မှကို မရယူဖူးသေးတဲ့ ဘာလွန်းဒေါဆုအတွက်ပါ အခြေအနေအကောင်းဆုံး ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Goal
ဘန်ဇီမာနည်းတူ ဗင်နီစီယပ်စ်ဟာလည်း ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး လာလီဂါသွင်းဂိုး (၁၇)ဂိုး သွင်းယူန်ိုင်ခဲ့သလို သူရုဲ့စုစုပေါင်း ပြိုင်ပွဲစုံသွင်းဂိုးဟာလည်း (၂၂)ဂိုးအထိ ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ သူရဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာခြေစမ်းပွဲစဉ်တွေကို လိုက်ပါယှဉ်ပြိုင်နေတဲ့ ဗင်နီစီယပ်စ်ဟာ သူ့ကို လက်ရွေးစင်အသင်းဖော် နေမာက ဘာလွန်းဒေါဆုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့အကြောင်း ပြန်လည်ရင်ဖွင့်သွားခဲ့ပါတယ်။ ဗင်နီစီယပ်စ်က “ကျွန်တော် Ballon d’Or ဆုကို ရသင့်တယ်လို့ နေမာပြောလာခဲ့တာကို တကယ် ဝမ်းသာမိရတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အမြင်ရတော့ ဘန်ဇီမာကသာ ကျွန်တော့်ထက် ဒီဆုနဲ့ ပိုပြီး ထိုက်တန်ပါတယ်။ ဘန်ဇီမာကလည်း ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဘရာဇီးလ်အသင်းကို အနိုင်ယူသွားချင်တယ်ဆိုပြီး ကျွန်တော့်ကို နောက်ပြောင် ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် ဒါက ဘယ်လိုမှကို ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။