တိုက်စစ်အရည်အသွေးကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အသင်းရဲ့ တိုက်စစ်ကစားသမားလေး ယူလီယန်အဲလ်ဗာရက်ဇ်ဟာ အခုဆိုရင် သူရဲ့ မူလကလပ် မန်ချက်စတာစီးတီးအသင်းနဲ့ မပူးပေါင်းခင်မှာပဲ အငှားသွားရောက် ကစားနေတဲ့ ရေးဗားပလိတ်အသင်းအတွက် တစ်ပွဲတည်းမှာ ဟက်ထရစ်နှစ်ကြိမ် (၆)ဂိုးထိကို သွင်းယူသွားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Julian Alvarez of River Plate celebrates. (Photo by Marcelo Endelli/Getty Images)

Photo Credit : The Mirror

အသက်(၂၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမားလေး အဲလ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်တုန်းကမှ ရေးဗားပလိတ်ကနေ မန်စီးတီးအသင်းဆီ ပေါင်(၁၄)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မန်စီးတီးက အဲလ်ဗာရက်ဇ်ကို အသင်းမှာ ချက်ချင်းမသုံးသေးပဲ ရေးဗားပလိတ်အသင်းဆီသာ ရာသီကုန်အထိ အငှားချခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တောင်အမေရိက ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်တဲ့ ကိုပါလီဘာတာတေးဒိုးပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်မှာ ပြိုင်ပွဲကလပ် ပီရူးကလပ်အသင်း လီမာဘက်ကို (၆)ဂိုးထိ သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

City sign Julian Alvarez from River Plate

Photo Credit : Manchester City FC

တောင်အမေရိကကြယ်ပွင့် တိုက်စစ်ကစားသမားလေး အဲလ်ဗာရက်ဇ်ဟာ ရေးဗားပလိတ်အတွက် ဟက်ထရစ်နှစ်ကြိမ်ကို ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်မှာ သွင်းယူခဲ့တဲ့ ဂိုး(၃)ဂိုးက (၂၆)မိနစ်အတွင်းမှာ သွင်းယူခဲ့တာဖြစ်သလို နောက်ထပ်ဟက်ထရစ်ကိုလည်း (၂၉)မိနစ်အတွင်းမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်အတွင်းမှာ အဲလ်ဗာရက်ဇ်ဟာ ရေးဗားပလိတ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၈)ပွဲထိ ပါဝင်ကစားထားနိုင်ခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၁၅)ဂိုး သွင်းယူနိုင်ခဲ့သလို ကိုပါလီဘာတာတေးဒိုးပြိုင်ပွဲမှာလည်း သွင်းဂိုး(၈)ဂိုးထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို ဂိုးသွင်းစွမ်ရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အဲလ်ဗာရက်ဇ်ဟာ လာမယ့်ဇူလိုင်လမှာတော့ မန်စီးတီးအသင်းနဲ့ တရားဝင် ပူးပေါင်းဖွယ် ရှိနေတဲ့အပြင် မန်စီးတီးအသင်းရဲ့ တိုက်စစ်မှာလည်း သူ့လိုပဲ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ရောက်လာတော့မယ့် နော်ဝေတိုက်စစ်ကစားသမား အာလင်းဟောလန်းနဲ့ တွဲဖက်ကစားရဖွယ် ရှိနေပါတယ်။