အိမ်ကွင်းဘာနေဗျူးမှာ အက်စပန်ညိုအသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် (၃၅)ကြိမ်မြောက် စပိန်လာလီဂါ ချန်ပီယံ ဖြစ်လာခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို သူတို့ရဲ့ မဟာပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအသင်း အပါအဝင် လာလီဂါ ကလပ်အသင်းများစွာက ဂုဏ်ပြုစကားတွေ အသီးသီး ရေးသားဖော်ပြခဲ့ကြပေမယ့်လည်း ကလပ်အသင်း(၂)သင်းကတော့ အခုချိန်ထိ လာလီဂါချန်ပီယံ ရီးယဲလ်အတွက် ဂုဏ်ပြုစကားတွေ ရေးသားခြင်း ရှိမနေသေးဘူးလို့ သိရပါတယ်။ ဒီအသင်းတွေကတော့ ရီးယဲလ်ရဲ့ မြို့ခံကလပ်ဖြစ်တဲ့ အသက်လက်တီကို အိုဆာဆူနာတို့ပဲ ဖြစ်ပါတယ်။
Photo Credit : Marca
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ထိ တတ်ရောက်ထားနိုင်သလို တစ်ဖက်မှာလည်း ပြည်တွင်းဆုဖလားတစ်ခုဖြစ်တဲ့ လာလီဂါ အမှတ်ပေးဖလားကိုပါ ရာသီမသိမ်းခင် (၄)ပွဲအလိုမှာပဲ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ လာလီဂါချန်ပီယံဆုကို (၃၅)ကြိမ်မြောက်အဖြစ် သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ရီးယဲလ်အသင်းကို လာလီဂါ ကလပ်အသင်းများစွာကနေ ဂုဏ်ပြုစကားတွေကို အသင်းရဲ့ တရားဝင် twitter စာမျက်နှာတွေက ရေးသားဖော်ပြလာခဲ့ကြပေမယ့် အသက်လက်တီကိုနဲ့ အိုဆာဆူနာအသင်းတို့ကတော့ ရီးယဲလ်အသင်း လာလီဂါ ချန်ပီယံ ဖြစ်လာခဲ့ခြင်းအပေါ် လစ်လျူရှုထားခဲ့ပြီး ဂုဏ်ပြုစကား ရေးသားဖော်ပြခြင်း မရှိပဲ သူတို့အသင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဖော်ပြထားခဲ့ပါတယ်။
Photo Credit : Marca
လာလီဂါမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တကယ့်ပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအသင်းပါ “(၃၅)ကြိမ်မြောက်အဖြစ် လာလီဂါဆုဖလားကြီးကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဘာစီလိုနာအသင်းက ဂုဏ်ပြုပါတယ်” ဆိုတဲ့ ဂုဏ်ပြုစာသားကို အသင်းပိုင် twitter ပေါ်မှာ ဖော်ပြခဲ့သလို ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်ကိုယ်တိုင်ကပါ ရီးယဲလ်နဲ့ အက်စပန်ညို ပွဲစဉ်မတိုင်ခင်မှာပဲ ရီးယဲလ်သာ လာလီဂါချန်ပီယံ ဖြစ်လာခဲ့မယ်ဆိုရင် သူတို့အသင်းဘက်ကနေ ဂုဏ်ပြုစကား ထုတ်ပြန်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ရီးယဲလ်ရဲ့ မြို့ခံအသင်းလည်းဖြစ် ပြီးခဲ့တဲ့ရာသီ လာလီဂ်ချန်ပီယံလည်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်ကတော့ ဒီရာသီရဲဲ့ လာလီဂါချန်ပီယံ ရီးယဲလ်အသင်းကိုသာမက ကိုပါဒယ်ရေးချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးယဲလ်ဘက်တစ်အသင်းကိုပါ congratulation ပြောဆိုဖို့ ပျက်ကွယ်ခဲ့ပါတယ်။ ဒါ့အပြင် အသက်လက်တီကိုနည်းတူ အိုဆာဆူနာအသင်းကပါ ရီးယဲလ်အသင်းရဲ့ လာလီဂါအောင်ပွဲကို လုံးဝဂရုစိုက်ခြင်း မရှိပဲ သူတို့အသင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းကိစ္စတွေကို twitter စာမျက်နှာမှာ ဖော်ပြလို့နေပါတယ်။