ပြီးခဲ့တဲ့ စနေနေ့က ဘရန့်ဖို့ဒ်အသင်းကို အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ (၁)ဂိုး(၄)ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ မနေ့ညက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်လက်ရင်ဆိုင်ခဲ့ရာ ဘန်ဇီမာရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ (၁)ဂိုး (၃)ဂိုးနဲ့ ထပ်မံအရေးနိမ့်ခဲ့ရပြန်ပြီး ပြိုင်ပွဲစုံ အိမ်ကွင်း(၂)ပွဲဆက်တိုက် ပေးဂိုး(၇)ဂိုးနဲ့ကို ရှုံးနိမ့်ထားခဲ့ရပါတယ်။

The Chelsea boss admitted the Champions League tie was over after one leg

Photo Credit : The Sun

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းထားခဲ့ပေမယ့် ကွာတားမှာ ပြီးခဲ့တဲ့နှစ်က ဆီမီးမှာ ဆုံတွေ့ထားခဲ့ဖူးတဲ့ ရီးယဲလ်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရပြီး အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်မှာပဲ (၁)ဂိုး(၃)ဂိုးနဲ့ပါ ရှုံးနိမ့်ထားခဲ့ရပါတယ်။ ဒီရှုံးပွဲနဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းရဲ့ စွမ်းဆောင်ရည်ပေါ်ကို အတော်လေး စိတ်ပျက်နေရပြီး ပထမပိုင်းအတွင်း ကစားခဲ့တဲ့ပုံစံက သူမြင်ဖူးသမျှထဲမှာ အဆိုးရွှားဆုံး ဖြစ်တယ်လို့ပါ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

Thomas Tuchel slammed his Chelsea team's performance against Real Madrid

Photo Credit : The Sun

အိမ်ကွင်းရှုံးပွဲနဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်းမှာ မျှော်လင့်ချက် ရှိနေသေးလားလို့ မေးမြန်းလာခဲ့ရာ တူဟယ်လ်က “မရှိဘူး။ လောလောဆယ်တော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အဆင့်ကို ပြန်ရှာရပါဦးမယ်။ ဒါက ကြီးမားတဲ့ ရှုံးပွဲတစ်ခုပါ။ နောက်ပြီးတော့ ဒါက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကျွန်တော်တွေ့မြင်ခဲ့ရတဲ့ အဆိုးရွှားဆုံးသော ပထမပိုင်းတစ်ပိုင်းပါပဲ။ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်က ပထမပိုင်းပုံစံလိုမျိုးအတိုင်း ရီးယဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲမှာပါ ထပ်တူဖြစ်ခဲ့ရတယ်။ ဒီလို စွမ်းဆောင်မှုမျိုးကနေ ရလဒ်တွေကို သင် မျှော်လင့်လို့ မရနိုင်ပါဘူး။ ကျွန်တော်ာတို့တွေ ရီးယဲလ်ကို ပိုပြီးဒုက္ခပေးနိုင်ခဲ့ပေမယ့် ကျွန်တော်တို့အသင်းရဲ့ အဆင့်အတန်းမျိုးနဲ့ ဝေးကွာနေခဲ့ရပါတယ်။ ဒါက အလွန်ကို စိတ်ပျက်ဖို့ကောင်းတယ်။ ဟာဗက်ဇ်ရဲ့ဂိုးကို ပြန်ရတဲ့အခါ စွမ်းအင်တွေပါ ပြန်ရပြီး ပြန်လာနိုင်ခဲ့သင့်ပေမယ့် (၄၈)မိနစ်လောက်အတွင်းမှာ ပွဲကို အဆုံးသတ်လိုက်သလို ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြန်လာနိုင်ဖို့က ခဲယဉ်သွားပါလိမ့်မယ်။ (2-3) လောက်ဖြစ်ဖို့ အခွင့်အရေးတွေ ရရှိခဲ့သေးပေမယ့် ဒီနေ့မှာတော့ မဖြစ်ခဲ့ရဘူး။ အသင်းပိုင်ရှင်နဲ့ ပတ်သက်တဲ့ အခြေအနေတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကနဲ့ ဘာမှမထူးခြားသေးတာကြောင့် ဒါကို ဆင်ခြေအနေနဲ့တော့ လက်မခံပါဘူး အခု ကျွန်တော် ရီးယဲလ်မက်ဒရစ်ထက် ဆောက်သမ်တန်နဲ့ပွဲကိုပဲ ပိုစိုးရိမ်နေတယ်။ ဒီပွဲကိုသာ ကျွန်တော် အာရုံစိုက်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။