လာမယ့် ၂၀၂၃ခုနှစ်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အဓိက တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ ဒီနှစ်ဘောလုံးရာသီကုန်တာနဲ့ လီဗာပူးလ်ကစားသမားအဖြစ် ဆက်လက်တည်ရှိဖို့က မရေမရာ ဖြစ်လာနိုင်တော့မယ့်အပေါ် အသင်းဘက်က စိုးရိမ်လာခဲ့တဲ့အတွက် စာချုပ်သစ် ကမ်းလှမ်းမှုကို ထပ်မံပြုလုပ်လာခဲ့ပေမယ့်လည်း ဆာလာဘက်က ပယ်ချသွားခဲ့တာကြောင့် ဆာလာရဲ့ အနာဂတ်က အခုဘောလုံးရာသီ အဆုံးသတ်မှာ မျက်ဝါးထင်ထင် မြင်လာရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာပြီး နောက်ပိုင်းကတည်းက အသင်းရဲ့ အရေးအပါဆုံးသော ကစားသမားအဖြစ် ရပ်တည်နေခဲ့သူ ဆာလာဟာ လက်ရှိမှာလည်း အသင်းအတွက် သွင်းဂိုးအများဆုံး သွင်းယူထားနိုင်သူဖြစ်လို့ သူ့ကို လီဗာပူးလ်အသင်းဘက်က ထပ်မံသက်တမ်းတိုးဖို့ အကြိမ်ကြိမ် ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆာလာ အလိုရှိနေတဲ့ လစာမျိုးက လီဗာပူးလ်အသင်းအတွက် မြင့်မားလွန်းနေတဲ့အပြင် လီဗာပူးလ်ဘက်က စာချုပ်ကမ်းလှမ်းမှုတွေကလည်း ဆာလာကို စိတ်ကျေနပ်စေတဲ့ ကမ်းလှမ်းမှုတွေ မဖြစ်လာခဲ့လို့ ဆာလာနဲ့ လီဗာပူးလ်တို့ဇာတ်လမ်းက တစ်ခန်းရပ်သွားဖို့ တာဆူလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Bein Sports

ဒီအခြေအနေဲ့အပေါ်မှာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က “မိုဆာလာရဲ့ စာချုပ်ကိစ္စ ဇာတ်လမ်းရှည်ကြီးက အသင်းအတွက် ပြသာနာတွေ ဖန်တီးနေတာမျိုး မဟုတ်ပါဘူး။ မို ကိုယ်တိုင် ဒီလိုလုပ်မှာလည်း မဟုတ်ဘူး။ သူ အခုရာသီအတွက်ကိုပဲ အပြည့်အဝ အာရုံစိုက်ထားတာ။ ရာသီကုန်ဆုံးသွားမှသာ ကျန်တဲ့ အနာဂတ် အခုလက်ရှိ အကြောင်းတွေကို ထပ်လောင်းပြောဆိုသွားပါမယ်။ အသင်းနဲ့ ကစားသမားအေးဂျင့်တွေ ပြတ်ပြတ်သားသား ဆွေးနွေးပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့့်ရပါမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်တစ်ခုမှာတော့ ဆာလာဟာ လီဗာပူးလ်နဲ့ သက်တမ်းမတိုးဖြစ်ရင်တောင် လာမယ့်နွေမှာ အသင်းအပြောင်းအရွှေ့မလုပ်ပဲ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ လီဗာပူးလ်မှာ ဆက်ရှိနေပြီးမှ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ဆာလာအနေနဲ့ လီဗာပူးလ်ကနေ ထွက်ခွာသွားချိန် သူ့ကို ဘာစီလိုနာ ရီးယဲလ်မက်ဒရစ်တို့လို အသင်းတွေက မခေါ်ယူခဲ့ဘူးဆိုရင်တောင် ဆာလာက ပရီးမီးယားလိဂ်မှာ ဆက်လက်ကျင်လည်လိုတာကြောင့် ဆာလာကို လီဗာပူးလ်မဟုတ်တဲ့ ဘယ်ပရီးမီးယားလိဂ်အသင်းမှာ ဆက်လက်မြင်တွေ့ရမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေရပါတယ်။