ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားရခက်တဲ့ ဝက်စ်ဟမ်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာက ကံကူခဲ့လို့ ဖြစ်ကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းစားနေတဲ့ လီဗာပူးဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မတိုင်မီ မန်ချက်စတာ စီးတီးနဲ့ တပွဲလျော့ ရမှတ် ၆မှတ် အထိ ကွာဟနေရာ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ရခဲ့တဲ့ ရမှတ် ၃မှတ်က သူတို့အတွက် အတော်လေးကို အရေးပါခဲ့ပါတယ်။

Photo Credit: Sky Sports

လီဗာပူးရဲ့ နာမည်ကျော် အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိပေမယ့် လီဗာပူးက အဓိက တိုက်စစ်မှူး ဆာဒီယို မာနေးရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အဖိုးတန် ရမှတ် ၃မှတ် ရယူနိုင်ခဲ့ပါတယ်။

တဖက်မှာ လီဗာပူးရဲ့ပြိုင်ဘက် မန်ချက်စတာ စီးတီးဟာ ယခုညမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေတာကြောင့် လီဗာပူးရဲ့ နိုင်ပွဲက မန်ချက်စတာ စီးတီး အတွက် ဖိအားတခု ဖြစ်စေခဲ့ပြီး လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ သူတို့ရဲ့ ခြေစွမ်းပိုင်းက အကောင်းဆုံး မဖြစ်ခဲ့ဘူး ဆိုတာ ဝန်ခံခဲ့သလို ကံကောင်းမှုတွေလည်း ရှိခဲ့ကြောင်း ဆိုပါတယ်။

Photo Credit: Sky Sports

ကလော့ပ်က – “ဒီပွဲက အတော်လေးကို အန္တရာယ်များတဲ့ ပွဲတပွဲပါ။ ကျွန်တော်တို့ရဲ့ ခြေစွမ်းပိုင်းကလည်း အကောင်းဆုံး အနေအထားမှာ မရှိခဲ့ပေမယ့် ကျွန်တော်တို့တွေ ပထမပိုင်းကိုတော့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေက ဝက်စ်ဟမ်းဟာ အသင်းကောင်း တသင်း ဆိုတာ သိကြသလို ပထမပိုင်းမှာလည်း ဝက်စ်ဟမ်းရဲ့ ဂိုးသွင်းခွင့်တွေကို ကျွန်တော်တို့တွေ တားဆီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဒုတိယပိုင်းမှာ ဂိုးတွေ ထပ်မသွင်းနိုင်တော့သလို ပေးဂိုးလည်း ခွင့်မပြုခဲ့ရပါဘူး။ ပွဲက ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ ကျွန်တော်က ကျွန်တော်တို့တွေ ဝက်စ်ဟမ်းကို မလွှမ်းမိုးနိုင်ရင် ခံစစ်ကို ကောင်းကောင်း ဆော့ကြဖို့ ကောင်လေးတွေကို မှာခဲ့ပါတယ်။ အာနိုးလ် ဖြတ်ထုတ်လိုက်ရတဲ့ အလုံးမှာတော့ ကျွန်တော်တို့ ခံစစ်ကြောင်းနဲ့ ပတ်သတ်ပြီး စိုးရိမ်စရာ မရှိခဲ့ပါဘူး။ အရာအားလုံးက တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမယ့် တချို့အချိန်တွေမှာ ဝက်စ်ဟမ်းက ကျွန်တော်တို့ဘက်ကို ဂိုးရလုနီးပါး ဖြစ်ခဲ့တာတွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေမှာ ကျွန်တော်တို့တွေက ကံကောင်းခဲ့တယ် ဆိုတာကိုတော့ မငြင်းလိုပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။