MySport Myanmar

ပွဲတစ်လုံး ပရိသတ်တွေ စော်ကားနေတာကို သည်းခံဖို့ မလွယ်ဘူးလို့ ဆီမြွန်နီ ဆို

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရာသီသစ် အဖွင့်ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းဟာ လီဗာပူးလ်အသင်းကို ၃-၂ ဂိုးနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်အပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ နည်းပြ ဒီယေဂို ဆီမြွန်နီတစ်ယောက် အနီကတ်ပြခံခဲ့ရပြီး အခုအခါမှာတော့ သူ့ကို ထုတ်ပယ်ခံရစေခဲ့တဲ့ အကြောင်းရင်းမှန်ကို ဖွင့်ဟပြောကြားလိုက်ပါတယ်။

အန်ဖီးလ်ကွင်းက ဒီပွဲစဉ်မှာ အိမ်ရှင်လီဗာပူးလ်က ပွဲစပြီး (၆)မိနစ်အတွင်း (၂)ဂိုးသွင်းယူပြီး ဦးဆောင်ခဲ့ပေမယ့် အက်သလက်တီကိုက မားကို့စ် ယော်ရန်တေးရဲ့ သွင်းဂိုးတွေနဲ့အတူ အကောင်းဆုံး ပြန်လည်တိုက်စစ်ဆင်ပြီး ပွဲကို ၂-၂ သရေအခြေအနေကို ပြန်ရောက်စေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတော့ ဗာဂျယ်လ် ဗန်ဒိုက်က ခေါင်းတိုက်ပြီး လီဗာပူးလ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit : The Sun

ပွဲအပြီးမှာ ဆီမြွန်နီက “ရှုံးနိမ့်ခဲ့လို့ ခါးသီးတဲ့အရသာကို ခံစားရပေမယ့် အက်သလက်တီကိုအတွက် ကစားဖို့လိုအပ်တဲ့ စိတ်ဓာတ်မျိုးကို အသင်းက ပြသနိုင်ခဲ့ပါတယ်။” လို့ သူ့ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။လီဗာပူးလ်အသင်း အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက်မှာ ဆီမြွန်နီဟာ သူ့ရဲ့ နည်းပြခုံနောက်က ပရိသတ်တွေကို တုံ့ပြန်ခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သူက အခုလို ရှင်းပြခဲ့ပါတယ်။

“ကျွန်တော်တို့က ဘာမှပြန်မတုံ့ပြန်ပိုင်ခွင့်မရှိတဲ့ နေရာမှာ ရှိနေပါတယ်။ ကစားသမားတွေကို လူမျိုးရေးခွဲခြား စော်ကားမှုတွေ တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ တိုက်ဖျက်နေကြသလိုပါပဲ။ နည်းပြခုံတွေက ပရိသတ်နဲ့ ကပ်လျက်ရှိနေတော့ ပွဲတစ်ပွဲလုံး စော်ကားခံနေရတာကို သည်းခံဖို့ မလွယ်ပါဘူး။ တတိယဂိုးဝင်သွားချိန်မှာ စော်ကားမှုတွေအပြင် အမူအရာနဲ့ပါ ပြောင်လှောင်ခံခဲ့ရတယ်။ ကျွန်တော်လည်း လူသားတစ်ယောက်ပါပဲ။”

Photo Credit : Liverpool News

“ကျွန်တော့်ရဲ့ တုံ့ပြန်မှုက တရားမျှတမှုမရှိဘူးဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ မိနစ် (၉၀)လုံး စော်ကားခံပြီးတဲ့နောက်မှာတော့ သည်းခံဖို့ မလွယ်ပါဘူး။ ဒိုင်လူကြီးကလည်း အခြေအနေကို နားလည်ပါတယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ဒီကိစ္စကို လီဗာပူးလ်ဘက်က တိုးတက်အောင်လုပ်ဆောင်နိုင်ပြီး အဲ့ဒီလိုလုပ်ခဲ့တဲ့သူကို ဖော်ထုတ်ပြီး အကျိုးဆက်ခံစားစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆီမြွန်နီက ဖွင့်ဟခဲ့ပါတယ်။

Exit mobile version