မကြာမီရက်ပိုင်း အတွင်းမှာပဲ ကမောက်ကမ ဖြစ်ရပ်တွေ ၊ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ကပ်ရောဂါကြောင့် ဝရုန်းသုန်းကား ဖြစ်ခဲ့ရတဲ့ ၂၀၁၉-၂၀၂၀ ဥရောပ ဘောလုံးရာသီဟာ ပြည်ဖုံးကား ချသွားတော့မှာပဲ ဖြစ်ပါတယ်။ ဥရောပရဲ့ ထိပ်သီးလိဂ် ၅ခုအနက် လာလီဂါနဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲတို့ဟာ ပြီးဆုံးသွားပြီ ဖြစ်သလို ပြင်သစ်လီဂူးပြိုင်ပွဲဟာလည်း ဖျက်သိမ်းသွားခဲ့ပါတယ်။ ဒါ့အပြင် လက်ကျန် ပြိုင်ပွဲနှစ်ခု အနက် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာလည်း ယခု လာမယ့် တနင်္ဂနွေနေ့မှာ ပြီးဆုံးမှာ ဖြစ်တာကြောင့် ယခု သီတင်းပတ် ကုန်ဆုံးပြီးသွားရင် စီးရီးအေပြိုင်ပွဲနဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ၊ ယူရိုပါလိဂ်ပြိုင်ပွဲတွေကသာ စောင့်ကြည့်စရာ ကောင်းတဲ့ ပြိုင်ပွဲတွေအဖြစ် ကျန်ရစ်တော့မှာပါ။

Photo Credit: 90 Mins

ဘောလုံးရာသီတစ်ခု ပြီးဆုံးခါ နီးလာတာနဲ့အညီ ဒီရာသီအတွင်းမှာတော့ ဘယ်လို ကစားသမားတွေက ခြေစွမ်းပြ ၊ လက်စွမ်းပြနိုင်ခဲ့လဲ ၊ ဘယ်လို ကစားသမားတွေကတော့ ရုန်းကန်ခဲ့ရလဲဆိုတာ အားလုံးလည်း သိမြင်ပြီးသား ဖြစ်မှာပါ။ ဒီတစ်ခါမှာတော့ ကျွန်တော်က 90 Mins သတင်းဌာနက ရွေးချယ်ထားတဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဆယ်ဦးစာရင်းကို ဖော်ပြပေးသွားမှာပါ။ နံပါတ် ၁၀နေရာမှာ ရှိနေသူကတော့ မန်စီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆန် ဖြစ်ပြီး နံပါတ်၉ နေရာမှာတော့ တက်သစ်စ ဂိုးသမားလေး ဟန်ဒါဆန် ရှိခဲ့ပါတယ်။ နံပါတ်၈ နေရာမှာတော့ အေစီမီလန် အသင်းရဲ့ ဂိုးသမား ဒွန်နာရမ်မာ ရှိနေပြီး သူ့ရဲ့ အပေါ်မှာတော့ ဂျူဗင်တပ်ဂိုးသမား ဆက်ဇက်နီ က ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit: 90 Mins

နံပါတ်၆နေရာမှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ ဂိုးသမား နူအာ ၊ နံပါတ် ၅နေရာမှာ ပီအက်စ်ဂျီ အသင်းရဲ့ ဂိုးသမား နာဗက်နဲ့ နံပါတ် ၄နေရာမှာတော့ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုရစ် တို့က နေရာယူထားကြပါတယ်။ နံပါတ်၃နေရာ မှာတော့ လီဗာပူးအသင်းရဲ့ ဂိုးသမား ဘက်ကာ က ရှိနေခဲ့ပြီး နံပါတ်၂နေရာမှာတော့ ဘာစီလိုနာဂိုးသမား တာစတီဂျန်က ရှိနေခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ အကောင်းဆုံး ဂိုးသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဂိုးသမားဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဂိုးသမား အော့ဘလက်ပဲ ဖြစ်ပါတယ်။ အံ့အားသင့် စရာ ကောင်းတဲ့ အချက်တစ်ခု ကတော့ ဒီဂိုးသမား စာရင်းမှာ စပိန်လူမျိုး ဂိုးသမားတွေ တစ်ဦးမှ မပါဝင်ခဲ့ပဲ ဂျာမဏီနိုင်ငံနဲ့ ဘရာဇီးလ် နိုင်ငံတို့က က ဂိုးသမား ၂ဦးစီ ပါဝင်ခဲ့ကာ နိုင်ငံ အလိုက် ပါဝင်မှုမှာ အမြင့်ဆုံးနေရာတွေကို သိမ်းပိုက် နိုင်ခဲ့ကြပါတယ်။