ယမန်နေ့မှာ ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ရဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ အပြီးမှာတော့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဘောလုံး သမိုင်းမှာ ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်တဲ့ ခုနှစ်ဦးမြောက် ကစားသမား ဖြစ်လာခဲ့တယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီဟာ ဘာစီလိုနာ အသင်းအတွက် သွင်းဂိုး တစ်ဂိုးကို ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးခဲ့ပြီး အဆိုပါ သွင်းဂိုးကြောင့်ပဲ ကစားသမားဘဝမှာ ၈၆၁ပွဲ ကစားခဲ့ပြီးချိန် သွင်းဂိုး ၇၀၀ ပြည့်မြောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးသမိုင်းမှာ မက်ဆီ ထက် အရင် သွင်းဂိုး၇၀၀ ပြည့်မြောက်ခဲ့တဲ့ ကစားသမား ၆ဦးအထိ ရှိနေပါတယ်။

Photo Credit: Sport Bible

အဆိုပါ ကစားသမားတွေကတော့ ဘရာဇီးလ် အသင်းရဲ့ ဂန္တဝင် ကစားသမားနှစ်ဦး ဖြစ်တဲ့ ပီလီနဲ့ ရိုမာရီယို ၊ ဟန်ဂေရီနဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ပွတ်ရှ်ကပ် ၊ ဂျာမဏီအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ဂတ်မူလာ ၊ ချက်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး ဂျိုးဆက် ဘီကန်နဲ့ ပေါ်တူဂီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး စီရိုနယ်ဒိုပဲ ဖြစ်ပါတယ်။ အဆိုပါ ကစားသမားတွေထဲမှာ သွင်းဂိုးအများဆုံး သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမား ကတော့ ဂျိုးဆက် ဘီကန် ဖြစ်ပြီး ဘီကန်ဟာ ပွဲပေါင်း ၅၃၀ကျော် ကစားခဲ့ရာမှာ သွင်းဂိုး ၈၀၅ဂိုးနဲ့ အထက်ကို သွင်းယူနိုင်ခဲ့တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ ဒုတိယမြောက် သွင်းဂိုးအများဆုံး ကစားသမား ကတော့ ရိုမာရီယို ဖြစ်ပြီး ရိုမာရီယိုဟာ ကစားသမားဘဝမှာ ၉၉၄ပွဲအထိ ကစားခဲ့ရာ သွင်းဂိုး ၇၇၂ဂိုးအထိ သွင်းယူခဲ့သူပါ။

Photo Credit: Sport Bible

တတိယမြောက် သွင်းဂိုး အများဆုံး ကစားသမား ကတော့ ပီလီ ဖြစ်ပြီး ပီလီဟာ ကစားသမားဘဝမှာ ၈၃၁ပွဲအထိ ပါဝင် ကစားခဲ့ရာ ကနေ သွင်းဂိုး ၇၆၇ဂိုးအထိ သွင်းယူနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ စတုတ္ထနေရာမှာတော့ ပွတ်ရှ်ကပ် က ရှိနေခဲ့ပြီး ပွတ်ရှ်ကပ်ဟာ ကစားသမားဘဝ မှာ ပွဲပေါင်း ၇၅၄ပွဲအထက် ကစားခဲ့သလို သွင်းဂိုးမှာလည်း ၇၄၆ဂိုးအထက် သွင်းယူနိုင်ခဲ့သူပါ။ ပဉ္စမနေရာမှာတော့ ဂျူဗင်တပ် တိုက်စစ်မှူး စီရိုနယ်ဒိုက ရှိနေပြီး ရိုနယ်ဒိုဟာ ကစားသမား ဘဝမှာ ပွဲပေါင်း ၁၀၄၁ပွဲအထိ ကစားပေးခဲ့ပြီး သွင်းဂိုး ၇၄၄ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဆဌမ နေရာမှာတော့ ဂျာမန် တိုက်စစ်မှူး ဂတ် မူလာက ရှိနေပြီး ဂတ်မူလာဟာ ၇၉၃ပွဲ ကစားခဲ့ရာမှာ ၇၃၅ဂိုးအထိ သွင်းယူခဲ့တဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။ သတ္တမနေရာမှာတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီက ရပ်တည်နိုင်ခဲ့ပြီး မက်ဆီဟာ ၈၆၂ပွ​ဲ ကစားထားရာမှာ သွင်းဂိုး ၇၀၀ကို သွင်းယူနိုင်ခဲ့သူပါ။