ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်း ဥရောပဘောလုံးနယ်ပယ်အတွင်းမှာ နည်းပြသစ် အစားထိုးခန့်အပ်မှုတွေထဲကမှ အတော်လေးကို ဆိုးရွှားတဲ့ နည်းပြခန့်အပ်မှုတွေ ဖြစ်ခဲ့ရတာတွေက မနည်းမနောပါပဲ။ အဲ့ဒီထဲကမှ အဆိုးရွှားဆုံးသော နည်းပြခန့်အပ်မှု (၅)ခုအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

လိုပက်တယ်လီ

လက်ရှိမှာ ဆီဗီလာအသင်းရဲ့ နည်းပြဖြစ်နေတဲ့ စပိန်လူမျိုး ဘောလုံးနည်းပြ လိုပက်တယ်လီက ဆီဗီလာကို ယူရိုပါလိဂ်ဖလား ရရှိအောင် စွမ်းဆောင်နိုင်ထားခဲ့ပေမယ့် ၂၀၁၈ခုနှစ်မှာ နည်းပြဇီဒန်းနဲ့ လမ်းခွဲဖြစ်ခဲ့တဲ့ ရီးယဲလ်အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးကို ဝင်ရောက်လာခဲ့ပြီး အသင်းရဲ့နည်းပြအဖြစ် (၄)လတာပဲ တာဝန်ယူခဲ့ရတဲ့အထိ သူရဲ့စွမ်းဆောင်ရည်က အတော်လေးကို ဆိုးရွှားခဲ့ရပါတယ်။ လိုပက်တယ်လီဟာ ရီးယဲလ်အသင်းကို လာလီဂါ (၁၀)ပွဲ ကိုင်တွယ်ခဲ့ပြီးတဲ့နောက်မှာ ရမှတ်(၁၄)မှတ်သာ ရှာဖွေနိုင်ခဲ့တဲ့အပြင် အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာကိုသာ ရပ်တည်နိုင်ခဲ့ရတာကြောင့် နည်းပြအဖြစ် ခန့်အပ်အပြီး (၄)လအတွင်းမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

တာတာမာတီနို

ဗီလာနိုဗာလက်အောက် စံချိန်တင်ရမှတ်နဲ့ လာလီဂါချန်ပီယံ ဖြစ်ခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ နည်းပြဗီလာနိုဗာရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် သူရဲ့နေရာမှာ မက္ကဆီကိုလူမျိုး ဘောလုံးနည်းပြ မာတီနိုနဲ့ ပြန်လည်အစားထိုးဖြစ်ခဲ့ရာမှာ သူရဲ့ဘာစီနည်းပြဘဝအစ ပွဲပေါင်း(၁၆)ပွဲဆက်တိုက်အထိ လုံးဝမရှုံးနိမ့်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူရဲ့ High Pressing နည်းစနစ်က အသင်းနဲ့ အံ့မဝင်နိုင်ခဲ့ပဲ သူရဲ့လက်ထက်မှာ အသင်းကလည်း စပိန်စူပါဖလားကလွဲပြီး ပြိုင်ပွဲစုံမှာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ကစားသမားတွေနဲ့လည်း အဆင်မပြေနိုင်ခဲ့တဲ့ မာတီနိုဟာလည်း အသင်းကို တစ်ရာသီသာ ကိုင်တွယ်ခဲ့ရပါတယ်။

ဂယ်ရီနဖီးလ်

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ်နဲ့သာ ထမ်းဆောင်ဖူးပြီး နည်းပြအတွေ့အကြုံ လုံးဝမရှိသေးတဲ့ ဂယ်ရီနဖီးလ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်မိတဲ့ ဗလင်စီယာအသင်းရဲ့ ဆုံးဖြတ်ချက်က အတော်လေးကို အံ့အားသင့်စေခဲ့ရပါတယ်။ နည်းစနစ်ကောင်းတွေ မကြွယ်ဝတဲ့ နဖီးလ်ဟာ ဗလင်စီယာအသင်းကို ပိုပြီးအခြေအနေဆိုးစေခဲ့သလို အသင်းက သူ့လက်ထက်အတွင်း ဘာစီလိုနာကို (၇)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတဲ့အပြင် နည်းပြအဖြစ် ကိုင်တွယ်ပြီး (၃)လအကြာမှာပဲ အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)ထိ ရောက်ရှိခဲ့ရတာကြောင့် နဖီးလ်းဟာ ဗလင်စီယာ နည်းပြရာထူးကနေပါ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဂက်စ်ပါရီနီ

ဂျီနိုအာအသင်းကို ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ပြီးနောက် အင်တာမီလန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ နာမည်ကျော်နည်းပြ ဂတ်စ်ပါရီနိီကို အင်တာပရိသတ်များစွာက မျှော်လင့်ထားကြပေမယ့် အင်တာကို (၅)ပွဲသာ ကိုင်တွယ်ခဲ့ရပြီး (၄)ပွဲအထိတောင် အရေးနိမ့်ခဲ့ရတဲ့အပြင် စီးရီးအေဆီ တန်းတတ်လာခဲ့တဲ့ နိုဗာရာအသင်းလေးကိုပါ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်အပြီးမှာပဲ အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

ဒေးဗစ်မွိုက်စ်

မန်ချက်စတာယူနိုက်တက်ကို နှစ်ရှည်လပေါင်းများစွာ ကိုင်တွယ်ခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်မှာ ဖာဂူဆန်နေရာ အစားဝင်လာခဲ့တဲ့ အဲဗာတန်နည်းပြဟောင်း ဒေးဗစ်မွိုက်စ်ကို ယူနိုက်တက်ပရိသတ်တွေက များစွာမျှော်လင့်ထားကြပေမယ့် ယူနိုက်တက်အသင်းကို အခြေအနေကောင်းတစ်ခုရောက်အောင် မစွမ်းပေးနိုင်ခဲ့လို့ အသင်းပရိသတ်တွေကိုယ်တိုင် မွိုက်စ်ကို ထုတ်ပယ်ဖို့ တောင်းဆိုလာခဲ့တာကြောင့် မွိုက်စ်ဟာ အသင်းနဲ့အတူ တစ်ရာသီအပြည့်အဝ မဖြတ်သန်းရခင် ဧပြီလအတွင်းမှာပဲ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။