အရမ်းကြောက်မက်စရာကောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဘောလုံးပွဲရပ်နားထားခဲ့ရတာဆိုရင် တစ်လနီးပါးလောက်ကို ရှိနေပြီဖြစ်သလို အခုထိ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်တာကြောင့် ယခင်တုန်းကလို ပုံမှန်လည်ပတ်နိုင်ဖို့ဆိုတာ အချိန်တစ်ခုလောက် လိုဦးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီကပ်ရောဂါကြီးကို တွန်းလှန်ပြီးသွားရင်တော့ ဘောလုံးပွဲတွေကို ပုံမှန်အတိုင်း ပြန်လည်ကျင်းပနိုင်မှာဖြစ်သလို ဘောလုံးသမားအပြောင်းအရွှေ့တွေလည်း ထုံးစံအတိုင်း ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ ဆိုတော့ ဒီနေ့မှာ လာမယ့်နွေစျေးကွက်အတွင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မယ့် ထိပ်တန်းကစားသမား(၅)ဦးအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Sportskeeda

ကာဗာနီ
အသက်(၃၃)နှစ်အရွှယ်ရှိနေပေမယ့် ဒီဥရုဂွေးကစားသမားကြီးဆီမှာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ပိုင်ဆိုင်နေဆဲပါပဲ။ သွင်းဂိုးတွေကို ဆက်လက်သွင်းယူနိုင်သေးတဲ့ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့ အမြဲတမ်းဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေသူလည်းဖြစ်ကာ ပီအက်စ်ဂျီမှာ သူရဲ့အနာဂတ်က ဝေဝါးလာခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ကာဗာနီဟာ သူရဲ့အသင်းဟောင်း နာပိုလီ တောင်အမေရိက ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်း အသက်လက်တီကိုမက်ဒရစ်အသင်း ချယ်လ်ဆီးအသင်းတို့ကနေ ခေါ်ယူဖို့စောင့်ကြည့်လို့နေပါတယ်။

Photo Credit : Sportskeeda

ဒရီးစ်မာတန်စ်
နာပိုလီရဲ့ အမာခံတိုက်စစ်ကစားသမားကြီး မာတန်စ်ကလည်း ဒီနှစ်နွေစျေးကွက်မှာပဲ နာပိုလီကနေ စွန့်ခွာသွားတော့မှာဖြစ်လို့ သူ့ကို ဥရောပထိပ်သီးအသင်းတွေကနေ စိတ်ဝင်တစားနဲ့ကို စောင့်ကြည့်လို့နေပါတယ်။ လက်ရှိမှာတော့ ဒီဘယ်ဂျီယံကစားသမားကို ခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းက အခြေအနေအကောင်းဆုံး ဖြစ်လို့နေပါတယ်။ အသက်(၃၂)နှစ်အရွှယ်ရှိ မာတန်စ်ကို နာပိုလီဘက်ကနေ စာချုပ်သစ်ကမ်းလှမ်းထားပေမယ့် မာတန်စ်ကတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားဖို့အတွက် အသင်းကနေ ထွက်ခွာဖွယ်သာရှိနေပါတယ်။

Photo Credit : Sportskeeda

အိုလီဗာဂျရှုး
ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာတွေပျောက်ဆုံးနေတဲ့ ဒီတိုက်စစ်မှူးကြီးကို ပြင်သစ်လက်ရွေးစင်အသင်းကနေ အမြဲရွေးချယ်လေ့ရှိတာမို့ သူရဲ့စွမ်းဆောင်ရည်တွေအပေါ်မှာ သံသယဝင်စရာတော့ သိပ်မရှိပါဘူး။ ဂျရှးကို ပြီးခဲ့တဲ့ ဆောင်းစျေးကွက်မှာထဲက အင်တာအသင်းဘက်ကနေ ခေါ်ယူဖို့ နီးစပ်ခဲ့သလို အခု နွေစျေးကွက်မှာလည်း အင်တာအပါအဝင် တခြားသော အသင်းတွေကလည်း ကမ်းလှမ်းကြမှာ သေချာနေပါတယ်။ အသက်(၃၃)နှစ်အရွှယ် ကစားသမားကြီးကို ချယ်လ်ဆီးဘက်ကလည်း နောက်ထပ်(၁)နှစ်လောက် အသင်းမှာ ဆက်ထားချင်နေပါတယ်။

Photo Credit : Sportskeeda

ဝီလီယံ
ချယ်လ်ဆီးကနေ Free Agent နဲ့ ထွက်ခွာခွင့်ရမယ့် နောက်ထပ်ကြယ်ပွင့်တစ်ဦးကတော့ ဝီလီယံပါ။ ဒီဘရာဇီးတောင်ပံကစားသမားကိုတော့ ဘာစီလိုနာဘက်ကနေ စိတ်ဝင်စားလို့နေပေမယ့် ကစားသမားကတော့ သူ့မိသားစုဝင်တွေအတွက် အထိုင်ကျလို့နေတဲ့ လန်ဒန်မြို့ကနေ ထွက်ခွာမသွားချင်သလို သူရဲ့ဆရာသမားဟောင်း ဟိုဆေးမော်ရင်ဟိုနဲ့ ပြန်လည်လက်တွဲလိုတာကြောင့် စပါးအသင်းကို ရွေးချယ်ဖွယ်ရှိနေသလို နောက်ထပ် လန်ဒန်အခြေစိုက်အသင်းဖြစ်တဲ့ အာဆင်နယ်ဆီလည်း ပြောင်းရွှေ့နိုင်ဖွယ် ရှိပါတယ်။

Photo Credit : Sportskeeda

မာရီယိုဂေါ့ဇီ
တကယ့်ကို ခြေစွမ်းပိုင်းကောင်းမွန်လှတဲ့ ဂျာမန်သားလေးက ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လိုက်ပြီးနောက်ပိုင်းကတည်းက အကျဘက်ကို တဖြည်းဖြည်းရောက်လာခဲ့သလို အသင်းဟောင်းကို ပြန်ရောက်လာချိန်မှာလည်း နဂိုကလို မတောက်ပနိုင်တော့ပဲ အခုဆိုရင် အသင်းကနေ Free Agent နဲဲ့ ထွက်ခွာရတော့မယ့် အခြေအနေကိုပါ ရောက်ရှိနေရပါတယ်။ ကမ္ဘာ့ဖလားဆုရ အသက်(၂၇)နှစ်အရွှယ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား ဂေါ့ဇီကို ဥရောပထိပ်တန်းအသင်းပေါင်းများစွာကနေ စောင့်ကြည့်နေကြပြီး ဂေါ့ဇီကတော့ ဂျာမန်မှာထက် ပြည်ပနိုင်ငံတစ်ခုမှာသာ သွားရောက်ကစားဖွယ်ရှိနေပါတယ်။

Photo Credit : Sportskeeda

ဒေးဗစ်ဆေးဗား
အသက်(၃၄)နှစ်အရွှယ်ရှိနေတဲ့ စပိန်ကွင်းလယ်ကစားသမားကြီး ဒေးဗစ်ဆေးဗားဟာ အသက်အရွှယ်အရ အကျပိုင်းကို ရောက်ရှိနေတယ်ဆိုပေမယ့် သူရဲ့ကစားပုံက လက်ရှိအချိန်ထိ အကောင်းဆုံးဖြစ်နေသေးတာကြောင့် သူ့ကို အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဆေးဗားကတော့ ပွဲထွက်ခွင့်တွေ များများပေးနိုင်မယ့် အသင်းတစ်သင်းကိုသာ ရွေးချယ်ဖွယ်ရှိနေကာ ဘက်ဟမ်းရဲ့ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။