ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့်မို့ လက်ရှိဘောလုံးရာသီ ပြီးဆုံးခါနီးလေးမှာပဲ ရှေ့ကိုမဆက်နိုင်ပဲ ခဏရပ်တန့်နေရသလို ဘယ်အချိန်မှ ပုံမှန်အတိုင်း ပြန်လည်စတင်နိုင်မလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီလိုအခြေအနေဆိုးတွေဆိုတာ တစ်နေ့တော့ ရပ်တန့်သွားမှာဖြစ်တာကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို သိပ်မကြာခင်မှာ ပြန်လည်စတင်နိုင်ဖွယ်ရှိနေသလို လာမယ့်ဘောလုံးရာသီမှာ တကူးတက စောင့်ကြည့်သွားရမယ့် ဆယ်ကျော်သက် ကစားသမားလေးတွေလည်း ရှိနေပါတယ်။ သူတို့တွေရဲ့အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sportskeeda

ဝီလီယံဆလီဘာ
ဒီရာသီမှာ အာဆင်နယ်တို့ စိန်အက်တီယန်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ နောက်ခံကစားသမားလေးဖြစ်ပြီးတော့ လက်ရှိ အဲ့ဒီအသင်းမှာပဲ အငှားနဲ့ကစားနေသူဖြစ်ပါတယ်။ အသက်(၁၉)နှစ်ပဲရှိသေးပေမယ့် အာဆင်နယ်က ဒီချာတိတ်လေးအတွက် ပေါင်(၂၇)သန်းတောင် သုံးစွဲထားခဲ့ရသလို ဒီကစားသမားကိုယ်တိုင်ကလည်း အသက်နဲ့မလိုက်အောင် သူရဲ့အရည်အချင်းတွေ ချပြထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ သူရဲ့အသင်းသစ် အာဆင်နယ်နဲ့ စတင်ပူးပေါင်းတော့မယ့် ဆလီဘာရဲ့ခြေစွမ်းတွေကလည်း စောင့်ကြည့်ချင်စရာပါ။

Photo Credit : Sportskeeda

ဆာခါ
နောက်ထပ်အာဆင်နယ် ကစားသမားတစ်ယောက်ဖြစ်ပြီး သူကတော့ ဒီရာသီမှာကတည်းက အသင်းအတွက် ခြေစွမ်းပြထားနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ၁၉နှစ်ပြည့်ထားခဲ့သူ ဆာခါဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲပေါင်း (၁၈)ပွဲအထိကို ကစားထားခဲ့ရာကာ အဲ့ဒီထဲက တဝက်လောက်ကတော့ လက်ရှိအာဆင်နယ်နည်းပြ အာတီတာလက်အောက်မှာပဲဖြစ်ပါတယ်။ ဘယ်တောင်ပံမှာ ကစားခဲ့ရာကနေ အခုတော့ ဘယ်နောက်ခံအစွန်မှာ ပြောင်းလဲကစားရင်း ပိုလို့တောင် ခြေစွမ်းပြလာနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Sportskeeda

ဂေးလ်မော့
လီဗာပူးလ်အသင်းကို အနိုင်ယူခဲ့တဲ့ ကာရာဘောင်းဖလားရှံးထွက်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားခဲ့ရင်း သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ချပြနိုင်ခဲ့သူလေးဖြစ်ပါတယ်။ ဒီစကော့တလန်သား ကွင်းလယ်ကစားသမားလေးဟာ အဲဗာတန်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ချယ်လ်ဆီးအတွက် ဆက်လက်ပါဝင်ခဲ့ရကာ ခြေစွမ်းထက်ပြနိုင်ခဲ့ပါတယ်။ ဂျော်ဂျင်ဟိုထက်တောင် ကွင်းလယ်ပိုင်းကစားပုံ ပိုကောင်းနေသေးတဲ့ ဂေးလ်မော့က လာမယ့်ရာသီမှာတော့ ပွဲထွက်ခွင့်တွေ ပိုမိုရလာမှာ သေချာပါတယ်။

Photo Credit : Sportskeeda

ဖိုဒန်
ဂွာဒီယိုလာကတာ့ ဖိုဒန်ကို ဆန်ချိုလိုမျိုး အဖြစ်ခံတော့မှာမဟုတ်ပါဘူး။ ဖိုဒန်က ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်တွေ နည်းပါးနေသေးတယ်ဆိုပေမယ့်လည်း ပြည်တွင်းဖလားနဲ့ ချန်ပီယံလိဂ်မှာတော့ ပွဲတော်တော်များများ ကစားထားရသလို သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေကိုလည်း လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ အသင်းမှာ ဒီဘရိုင်း ဂန်ဒိုဂန်တို့လို ကွင်းလယ်ကစားသမားကောင်းတွေ များစွာရှိနေတယ်ဆိုပေမယ့် လာမယ့်ရာသီမှာ ဒေးဗစ်ဆေးဗားက အသင်းကနေ ထွက်ခွာတော့မှာဖြစ်တာကြောင့် ဖိုဒန်အတွက် နေရာတစ်ခု ပိုရလာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Sportskeeda

ဂရင်းဝုဒ်
ပြီးခဲ့တဲ့ဘောလုံးရာသီမှာကတည်းက မန်ချက်စတာယူနိုက်တက်အသင်းအတွက် စတင်ကစားပေးခွင့် ရရှိထားခဲ့တဲ့ ဒီတိုက်စစ်မှူးလေးကတော့ ဒီရာသီမှာ အသင်းအတွက် ပိုမိုအကျိုးပြုထားနိုင်ခဲ့ပြီး စီနီယာအသင်းကြီးအတွက် ပြိုင်ပွဲပေါင်းစုံမှာ သွင်ဂိုး(၁၂)ဂိုးတောင် ရယူထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်က လာမယ့်ရာသီမှာ တိုက်စစ်မှူးအသစ် ခေါ်ယူဖွယ်ရှိနေပေမယ့် လူငယ်တွေကိုပဲ နေရာပေးတတ်လေ့ရှိတဲ့ ဆိုးလ်ရှားကြောင့် ဂရင်းဝုဒ်အနေနဲ့ ယူနိုက်တက်မှာ နေရာပျောက်ဖွယ်မရှိပဲ အခွင့်အရေးတွေတောင် ပိုရလာဖွယ်ရှိနေပါတယ်။

Photo Credit : Sportskeeda

မာတင်နယ်လီ

မူရင်းဆောင်းပါးထဲမှာ မပါဝင်ပေမယ့်လည်း ဒီကစားသမားလေးကို ချန်လှပ်ထားလို့တော့ မဖြစ်ပါဘူး။ ဒီရာသီမှ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းဖြစ်ခဲ့တဲ့ အသက်(၁၈)နှစ်အရွှယ် ဘရာဇီးတိုက်စစ်ကစားသမား မာတင်နယ်လီဟာ ဒီရာသီမှာ အသင်းအတွက် သွင်းဂိုး(၁၀)ဂိုးအထိ ရယူထားနိုင်ခဲ့တဲ့အထိကို သူရဲ့ပွဲဦးထွက်က မျက်နှာပန်းလှခဲ့ပါတယ်။ လာမယ့်ရာသီမှာ အူဘာမီယန်းလည်း ထွက်ခွာဖွယ်ရှိနေလို့ မာတင်နယ်လီက အာဆင်နယ်ရဲ့တိုက်စစ်မှာ ပိုမိုနေရာရလာနိုင်ကာ သူရဲ့သွင်းဂိုးတွေကိုပါ ထပ်မံမြင်တွေ့လာရနိုင်ပါတယ်။