နိုင်ငံတကာ ဘောလုံး အဖွဲ့အစည်း ဘုတ်အဖွဲ့ (International Football Association Board – IFAB) က ပရီးမီးယားလိဂ် အဖွဲ့အစည်းကို ပရီးမီးယားလိဂ် ရာသီ ပြန်စမယ် ဆိုရင် လူစားလဲမှု (၅) ကြိမ် ပြုလုပ်နိုင်ပြီး VAR ကို ပယ်ဖျက်နိုင်တယ်လို့လည်း ပြောကြားသွားတာ ဖြစ်ပါတယ်။ ECHO သတင်းကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲက ပြိုင်ပွဲဝင် အသင်း (၂၀) ဟာ VAR မပါဘဲ လက်ကျန် ပွဲစဉ် ဆက်ကစားသွားမယ်လို့ အားလုံး သဘောတူခြင်း မရှိသေးဘူးလို့ ဖော်ပြခဲ့ပြီး ပရီးမီးယားလိဂ် အသင်းတွေ အားလုံးက သဘောတူရင် VAR မပါဘဲ ကစားသွားနိုင်ပါတယ်။

Photo Credit: ECHO

နိုင်ငံတကာ ဘောလုံး အဖွဲ့အစည်း ဘုတ်အဖွဲ့ဟာ ဘောလုံး စည်းမျဉ်းတွေကို ပြဌာန်းပေးရတဲ့ အဖွဲ့အစည်း ဖြစ်ပြီး ဒီကနေ့၊ သောကြာနေ့မှာ ပရီးမီးယားလိဂ် ရာသီ ပြန်စရင် လူစားလဲမှု (၅) ကြိမ် ပြုလုပ်နိုင်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အခိုင်အမာ ပြောကြားသွားလိုက်ပါတယ်။ အိုင်ဖက်အေဘီ (IFAB) က လက်ကျန် ပွဲစဉ်တွေမှာ စည်းမျဉ်း ပြုပြင်ချင်ရတဲ့ အကြောင်းက ဘောလုံး ကစားသမားတွေအနေနဲ့ လက်ကျန် ပွဲစဉ် အားလုံးကို ကာလတိုအတွင်း ပြီးအောင် ကစားသွားရမှာ ဖြစ်တာကြောင့် စည်းမျဉ်း ပြောင်းလဲချင်ရတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

Photo Credit: ECHO

ပရီးမီးယားလိဂ် အဖွဲ့အစည်းအနေနဲ့ အိုက်ဖက်အေစီ အဖွဲ့အစည်းရဲ့ စည်းမျဉ်း ပြောင်းလဲမှုကို လိုက်နာသွားမယ် ဆိုရင် ကွင်းလယ်ဒိုင် အထောက်အပံ့ ဗီဒီယို (VAR) ကို အသုံးပြုတော့ဖွယ် မရှိသလို ပွဲကစားချိန်အတွင်း လူစားလဲမှု (၅) ကြိမ်အထိလည်း ပြုလုပ်သွားနိုင်ဖွယ် ရှိပါတယ်။ ပြောင်းလဲသွားတဲ့ စည်းမျဉ်း နှစ်ခု ဖြစ်တဲ့ “လူစားလဲမှု (၅) ကြိမ်” နဲ့ “VAR ပယ်ဖျက်ခြင်း” က လက်ကျန် ပွဲစဉ်တွေအတွက် ယာယီ သတ်မှတ်လိုက်တဲ့ စည်းမျဉ်း ဖြစ်တာကြောင့် လက်ရှိ ရာသီ ကုန်ဆုံးသွားမယ် ဆိုရင် မူလ စည်းမျဉ်းအတိုင်း ပြန်အသက်ဝင်သွားမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ပရီးမီးယားလိဂ် အဖွဲ့အစည်းက အိုက်ဖက်အေစီရဲ့ စည်းမျဉ်း ပြောင်းလဲမှုတွေကို လက်မခံဘဲ မူလအတိုင်း ကစားသွားချင်တယ် ဆိုရင် ကစားသွားနိုင်တယ်လို့ သိရှိရပါတယ်။