ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဝင်ရောက်ဆင်နွဲခွင့် မရှိတော့တဲ့အတွက် အသင်းအနေနဲ့ လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အာရုံစိုက်လုပ်ကိုင်နိုင်ပြီဖြစ်ပြီး အသင်းမှာ လိုအပ်နေတဲ့ ကစားသမားတွေကို ခေါ်ယူတာနဲ့ အသင်းက ကစားသမားတချို့ကို ရောင်းထုတ်တာတွေကို သေချာလုပ်ဆောင်နိုင်တော့မှာပါ။ ဒီနေ့မှာတော့ Sportskeeda ကနေ အခုနွေစျေးကွက်အတွင်းမှာ လီဗာပူးလ်ဘက်ကနေ ခေါ်ယူသွားသင့်တဲ့ ကစားသမား(၅)ယောက်အကြောင်း ဖော်ပြလာခဲ့လို့ ပရိသတ်တွေ ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ကာမာရာ(မာဆေးလ်)

Photo Credit : Sportskeeda

အသင်းရဲ့ဝါရင့်နောက်ခံလူ လိုဗရန်ရဲ့နေရာအတွက် ဒီကစားသမားလေးက အစားထိုးသင့်ဆုံးလို့ ယူဆမိပါတယ်။ အသက်(၂၀)ပဲရှိသေးပြီးတော့ သူရဲ့အရည်အသွေးကလည်း ပိုမိုတိုးတတ်လာနိုင်လို့ နောက်ပိုင်းမှာ ဗန်ဒိုက်နဲ့တောင် ခံစစ်မှာ တွဲဖက်သုံးစွဲလာနိုင်ပါတယ်။ မာဆေးလ်အကယ်ဒမီထွက် ဒီကစားသမားလေးအတွက်တော့ ပြောင်းရွှေ့ကြေး ပေါင်(၂၇)သန်းလောက် သုံးစွဲရနိုင်ဖွယ်ရှိပါတယ်။

ဒမ်ဘီလီ(လိုင်ယွန်)

Photo Credit : Sportskeeda

နောက်ထပ် ပြင်သစ်လီဂူးကစားသမားဖြစ်ပြီး တိုက်စစ်မှာဖာမီနိုရဲ့ဂိုးသွင်းစွမ်းရည်တွေ ကျဆင်းချိန်မှာ အစားထိုးသုံးစွဲနိုင်မယ့် ကစားသမားလည်းဖြစ်ပါတယ်။ ဒမ်ဘီလီက ဖာမီနိုထက်လည်း အဆုံးသတ်ပိုင်းစွမ်းရည် ပိုမိုကောင်းမွန်သူဖြစ်ပြီး ခေါင်းတိုက်စွမ်းရည်လည်း ကောင်းပါတယ်။ အထောင်တိုက်စစ်နေရာမှာ ကစားနေသူဆိုပေမယ့်လည်း လိုအပ်ရင် ရှေ့တန်း(၃)နေရာမှာလည်း လိုအပ်သလို သုံးစွဲနိုင်တဲ့အပြင် သူ့ဆီကနေလည်း တစ်ရာသီအတွင်း ဂိုး(၂၀)လောက်အထိ မျှော်မှန်းလို့ရနိုင်ပါတယ်။

ဂျာမယ်လူးဝစ်(နောရစ်ချ်)

Photo Credit : Sportskeeda

တန်းဆင်းသွားခဲ့တဲ့ နောရစ်ချ်အသင်းမှာ Talent ကစားသမားလေးတွေ များစွာပါဝင်နေတာဖြစ်လို့ ဒီကစားသမားတွေထဲကမှ လူးဝစ်ကို လီဗာပူးလ်တို့ ခေါ်ယူထားသင့်ပါတယ်။ အသင်းရဲ့ နောက်တန်းဘယ်ခြမ်းမှာ ရောဘတ်ဆန်ပွဲတွေပန်းလာပြီဆိုရင် အရည်အသွေးကောင်းလှတဲ့ လူငယ်နောက်ခံအစွန်လူလေး လူးဝစ်နဲ့ အစားထိုးနိုင်ပါတယ်။ သူ့အသင်းကလည်း တန်းဆင်းထားရပြီဖြစ်လို့ လူးဝစ်ရဲ့တန်ကြေးကတော့ စျေးချိုနေမှာ သေချာပါတယ်။

ဂရေး(လက်စတာ)

Photo Credit : Sportskeeda

အသင်းရဲ့ (၃)ယောက်တန်းတိုက်စစ်ပိုင်းမှာ အဓိကအားဖြင့် တောင်ပံတိုက်စစ်နေရာတွေက ဆာလာ မာနေးတို့ ပွဲပန်းနေမယ် ဒါမှမဟုတ် ဒဏ်ရာရနေမယ်ဆိုရင် သူတို့ရဲ့နေရာအတွက် ဒီမာရိုင်းဂရေးလို အတိုးအလှုပ်ရော ကန်အားပြင်းတဲ့ ချာတိတ်လေးက အဆင်ပြေနိုင်ပါတယ်။ လက်စတာနဲ့ စာချုပ်သက်တမ်း သိပ်မကျန်တော့တဲ့ ဂရေးဟာ ခြေစွမ်းပိုင်းကောင်းလျက်နဲ့ လက်စတာမှာ အရန်ကစားသမားအဖြစ် အချိန်ကုန်နေရလို့ သူရဲ့ကစားသမားဘဝကို လီဗာပူးလ်မှာ တောက်ပလာအောင် ပြန်လည်ဖန်တီးနိုင်မှာ သေချာပါတယ်။

သီယာဂိုအယ်ကန်တာရာ(ဘိုင်ယန်မြူးနစ်)

Photo Credit : Sportskeeda

လက်ရှိမှာ လီဗာပူးလ်အသင်းနဲ့ သတင်းအထွက်ဆုံး ကစားသမားဖြစ်သလို တကယ်လည်း အသင်းအတွက် လိုအပ်တဲ့ ကစားသမားမျိုးပါ။ ကွင်းလယ်ဖန်တီးရှင်နေရာကနေ ကစားတတ်သူဖြစ်တဲ့ အယ်ကန်တာရာဟာ ယာဂင်ကလော့စိတ်ကြိုက် ကွင်းလယ်လူမျိုးဖြစ်ပြီး ကွင်းလယ်ခံစစ်နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သူ့ကို ခေါ်ယူနိုင်ဖို့ဆိုရင် လီဗာပူးလ်ဘက်ကနေ သိပ်ပြီးစျေးမဆစ်ဖို့ လိုသလို ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်တော့တာမို့ အခုသတ်မှတ်ထားတဲ့ တန်ကြေးနဲ့ပဲ ခေါ်ယူထားသင့်ပါတယ်။