၂၀၂၀-၂၀၂၁ ဘောလုံးရာသီကြီးကတော့ သိပ်မကြာခင်မှာပဲ ဆုံးခန်းတိုင်တော့ပါမယ်။ ဒီအချိန်မှာ ဘယ်ကစားသမားတွေကို ဒီနှစ်ဘောလုံးရာသီအတွင်း သူတို့အသင်းအတွက်ကို အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြလဲဆိုတာကိုလည်း အားလုံးအသိဖြစ်ကြမှာပါ။ ဒီကစားသမားတွေထဲကမှ ပြီးခဲ့တဲ့ နွေကမှ အသင်းကို ရောက်လာခဲ့ကြပြီး အသင်းနဲ့ ပွဲဦးထွက်ခဲ့တဲ့ ဘောလုံးရာသီမှာပဲ အကောင်းဆုံးစွမ်းဆောင်နိုင်ကြတဲ့ ထိပ်တန်းကစားသမား(၅)ယောက်ကို ဖော်ပြသွားချင်ပါတယ်။

ဟာခီမီ (အင်တာမီလန်)

ဒေါ့မွန်က (၂)ရာသီ အငှားနဲ့ကစားအပြီး ခြေစွမ်းတွေပြခဲ့လို့ ရီးယဲလ်မှာ နေရာပြန်ရတော့မယ်လို့ ထင်ခဲ့ရတဲ့ ဟာခီမီဟာ တကယ်တော့ ရီးယဲလ်မှာ ပြန်ကစားခွင့်မရခဲ့ပဲ အင်တာမီလန်အသင်းဆီကိုသာ ရောင်းချခံခဲ့ရပါတယ်။ ဒီမော်ရိုကို ကြယ်ပွင့်လေးဟာ အင်တာမှာတော့ အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့တဲ့အပြင် စီးရီးအေမှာ သွင်းဂိုး(၇)ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှုကိုပါ (၉)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။

ဆွာရက်ဇ် (အသက်လက်တီကို)

ဘာစီလိုနာကနေ စွန့်ပစ်ခံခဲ့ရတဲ့ ဆွာရက်ဇ်ကတော့ သူ့ကို စွန့်ပစ်ခဲ့တဲ့ ဘာစီလိုနာကို နောင်တရစေခဲ့သူ ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် ဆွာရက်ဇ်ရဲ့ နားခိုရာ နေရာတစ်ခုဖြစ်လာတဲ့ အသက်လက်တီကိုအသင်းက လာလီဂါမှာ ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းလောက်သာ လိုနေတော့ပြီး ဆွာရက်ဇ်ကိုယ်တိုင်ကလည်း အသက်လက်တီကိုအတွက် လာလီဂါသွင်းဂိုး (၂၀) သွင်းယူထားနိုင်ခဲ့ပါတယ်။

ရူဘင်ဒီယက်စ် (မန်စီးတီး)

မန်စီးတီးခံစစ်မှာ ပေါ်တူဂီနောက်ခံလူ ဒီယက်စ်ရောက်လာခဲ့ပြီးတဲ့နောက်မှ တကယ့်ကို အခိုင်မာဆုံး အကျစ်လစ်ဆုံးသော ခံစစ်တံတိုင်းတစ်ခု ဖြစ်လာရသလို ဒီရာသီအတွင်း အသင်းဘက်ကနေ အောင်မြင်မှုတွေ ရယူနိုင်နေတာကလည်း ဒီယက်စ်တာဝန်ယူထားတဲ့ ခံစစ်ပိုင်း လုံခြုံမှုတွေကြောင့်လို့ ပြောရင် မမှားနိုင်ပါဘူး။ ဒီလိုကစားသမား ယူရိုသန်း(၇၀)ဝန်းကျင်လောက် အသုံးပြုလိုက်ရတာနဲ့လည်း အကျိုးရှိသွားခဲ့ပါတယ်။

အက်ဒီဆင်ကာဗာနီ (မန်ချက်စတာယူနိုက်တက်)

ယူနိုက်တက်မှာ ရော်နယ်ဒိုမရှိတော့တဲ့နောက်ပိုင်းကတည်းက ဖြစ်လာခဲ့ရတဲ့ ကျောနံပါတ်(၇)ကျိန်စာဟာ ကာဗာနီနဲ့တွေ့မှ ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒီဝါရင့်တိုက်စစ်မှူးကြီးက သူတစ်ခါမှ မကျင်လည်ဖူးတဲ့ အင်္ဂလန်မြေမှာ အသားကျဖို့ ရုန်းကန်မှုတွေ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ပြိုင်ပွဲစုံမှာ (၁၅)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့တာကြောင့် အသင်းကပါ သူ့ကို နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်လိုက်ရပါသေးတယ်။

ဆဗန်ဘို့တ်မန်း (လိုင်လီ)

ဒီကစားသမားလေးကတော့ အေဂျက်စ်လူငယ်အသင်းကနေ လိုင်လီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူဘယ်လောက်အထိ အသင်းကို အကျိုးပြုသလဲဆိုတော့ လိုင်လီအသင်းအနေနဲ့ ဒီရာသီ လီဂူးဝမ်းမှာ ပေးဂိုး(၂၂)ပွဲ ရှိနေရတဲ့အထိကို ခံစစ်ပိုင်းက အထင်ကြီးစရာ ကောင်းလာခဲ့ရပါတယ်။ ဒါ့အပြင် လိုင်လီအနေနဲ့ လီဂူးချန်ပီယံဖြစ်ဖို့ကလည်း လက်တစ်ကမ်းအလိုကို ရောက်နေပါပြီ။ ဒါကြောင့် ဒီနောက်ခံလူလေးကို ဥရောပထိပ်သီးကလပ်တွေပါ မျက်စိကျလာခဲ့ရတာဖြစ်ပါတယ်။