လီဗာပူးလ်အသင်းက ဂျာမန်နည်းပြကြီး ယာဂင်ကလော့ကို နည်းပြရာထူးအဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ရလဒ်တွေက တိုးတတ်ကောင်းမွန်လာခဲ့သလို အသင်းပိုင်ရှင်တွေကနေ ကလော့အလိုရှိတဲ့ ကစားသမားတွေကို ခေါ်ယူပေးခဲ့ရင်း လီဗာပူးလ်အသင်းဟာ အချိန်တိုလေးအတွင်းမှာ ဥရောပရဲ့အားအကောင်းဆုံးအသင်းဖြစ်လာခဲ့ကာ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လို့ လက်တစ်ကမ်းအကွာလောက်ကို ရောက်ရှိနေပါတယ်။ ဒါကြောင့် ဒီနေ့မှာ လီဗာပူးလ်အသင်းနဲ့ပတ်သက်ပြီး သူတို့အသင်းသားတွေထဲကမှ ဆုဖလားပေါင်းများစွာကုုိ ပိုင်ဆိုင်ထားတဲ့သူအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

တကယ်တော့ လီဗာပူးလ်အသင်းမှာ ဆုဖလားများစွာကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေများစွာရှိနေပြီး ဂျိမ်းစ်မီနာ ဝိုင်နယ်ဒန် ချိန်ဘာလိန်နဲ့ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်ကမှ လီဗာပူးလ်ကို ရောက်ရှိလာခဲ့တဲ့ မီနာမီနိုတို့ဆိုရင်လည်း ဆုဖလားများကို ပိုင်ဆိုင်ခဲ့ဖူးသူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ထက်တွေ ဆုဖလားတွေများစွာကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်ကစားသမားတစ်ယောက်ကတော့ ရှာကွီရီပဲဖြစ်ပါတယ်။ ဆွတ်ဇာလန် တောင်ပံတိုက်စစ်ကစားသမား ရှာကွီရီက သူရဲ့ကစားသမားဘဝအတွင်း ဆုဖလားပေါင်း (၁၇)လုံးကို ပိုင်ဆိုင်ထားခဲ့ပြီး ဒီပမာဏက လီဗာပူးလ်အသင်းသားတွေထဲမှာ အများဆုံးလည်း ဖြစ်ခဲ့ရပါတယ်။

အသက်(၂၈)နှစ်အရွှယ်ရှိ လီဗာပူးလ်ကစားသမား ရှာကွီရီဟာ ဘေဆယ် ဘိုင်ယန်မြူးနစ် အင်တာမီလန် စတုတ်စီးတီးအသင်းတွေမှာ သူရဲ့ကစားသမားဘဝကို ကျင်လည်ခဲ့သလို ဆွတ်ဇာလန်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း(၈၀)ကျော်အထိ ပါဝင်ကစားထားခဲ့ပါတယ်။ ရှာကွီရီက ဘေဆယ်အသင်းနဲ့အတူ ဆွတ်ဇာလန်အမှတ်ပေးဖလားကို (၃)ကြိမ် ဆွတ်ဇာလန်ရှုံးထွက်ဖလား (၂)ကြိမ် ဘိုင်ယန်မြူးနစ်အသင်းနဲဲ့ ဂျာမန်ဘွန်ဒက်လီဂါဖလား (၃)ကြိမ် ပိုကယ်ဖလား (၂)ကြိမ် ဂျာမန်စူပါဖလား (၁)ကြိမ် ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ဥရောပစူပါဖလား (၁)ကြိမ် ဖီဖာကလပ်ကမ္ဘာ့ဖလား (၁)ကြိမ် လက်ရှိ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ဥရောပစူပါဖလား (၁)ကြိမ် ဖီဖာကလပ်ကမ္ဘာ့ဖလား (၁)ကြိမ် စုစုပေါင်း ဖလား(၁၇)လုံးအထိ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားရဖို့ နီးစပ်လျက်ရှိနေတဲ့အတွက် သူရဲ့(၁၈)ကြိမ်ဆုဖလားကို ပိုင်ဆိုင်နိုင်ဖို့က အနီးစပ်ဆုံးဖြစ်နေတယ်ဆိုပေမယ့် လာမယ့်နွေစျေးကွက်မှာတော့ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေပါတယ်။