ဒီနှစ် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်းမှာ ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ ရောင်းချမှုတွေများစွာ ဖြစ်ပေါ်ခဲ့ပြီး ဒီအပြောင်းအရွှေ့တွေထဲမှာ အသင်းအတွက် အကျိုးပြုမှု ဖြစ်စေခဲ့ရတဲ့ အပြောင်းအရွှေ့တွေရှိသလို ငွေကြေးအကုန်ကျခံခဲ့ရသလောက် ဘာမှကို ပြန်မရခဲ့တဲ့ ဒီခေတ်စကားနဲ့ ပြောရမယ်ဆို၇င် ဂျင်းမိခဲ့ရတဲ့ အပြောင်းအရွှေ့တွေလည်း ရှိခဲဲ့ပါတယ်။ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီထဲကမှ ကျွန်တော်ကတော့ တစ်ဦးတည်းကိုပဲ ရွေးထုတ်ဖော်ပြသွားချင်ပါတယ်။ သူကတော့ အသက်လက်တီကိုမက်ဒရစ်ကို ရောက်ရှိလာခဲ့သူ ဂျာအိုဖီးလစ်ပါပဲ။

Photo Credit : Bleacher Report

အသက်၂၀အရွှယ်သာရှိသေးတဲ့ ပေါ်တူဂီလက်ရွေးစင် ကစားသမားလေး ဂျာအိုဖီးလစ်က ဘင်ဖီကာအသင်းမှာ အရမ်းကို တောက်ပပြနိုင်ခဲ့လို့ အသင်းပေါင်းများစွာရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက်မှာ အန်တိုနီယိုဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းဆီ လက်လွတ်လိုက်တဲဲ့ အသက်လက်တီကိုအသင်းက ဂရစ်ဇ်မန်းရဲ့ကွက်လပ်အတွက် ဖီးလစ်ကို ပေါင်၁၂၆သန်းနဲ့ကို ခေါ်ယူခဲ့ပါတယ်။ အသက်လက်တီကိုပရိသတ်တွေအပါအဝင် ပရိသတ်တွေများစွာက ဂျာအိုဖီးလစ်အနေနဲ့ ဂရစ်ဇ်မန်းနေရာမှာ ဝင်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပြီး အသက်လက်တီကိုရဲ့ရော်နယ်ဒိုလို့ပါ တင်စားပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အားလုံးမျှော်လင့်ထားသလိုတော့ လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။

Photo Credit : Euronews

ဂျာအိုဖီးလစ်လို ကြယ်ပွင့်ကစားသမားအပြင် မိုရာတာ ဒီယေဂိုကော်စတာ ကော်ရီယာ ဗီတိုလိုတို့ တိုက်စစ်ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားခဲ့တာတောင် အသက်လက်တီကိုအသင်းရဲ့ဒီရာသီတိုက်စစ်အားနည်းမှုက အံ့အားသင့်စရာကောင်းလောက်အောင်ပါပဲ။ ပိုဆိုးတာက အသင်းရဲ့ ပေါင်သန်းတစ်ရာကျော်တန် တိုက်စစ်မှူးလေး ဂျာအိုဖီးလစ်မှာလည်း အသင်းအတွက် ၂၄ပွဲအထိ ကစားခဲဲ့တာတောင်မှ သွင်းဂိုး၄ဂိုးနဲ့ ဂိုးဖန်တီးမှုက ၂ကြိမ်ပဲ ပြုလုပ်ထားခဲ့သလို အသင်းရဲ့သွင်းဂိုးတာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒါက ဒီကစားသမားလေးရဲ့ စွမ်းဆောင်ရည်ပိုင်း တစ်ခုတည်းနဲ့တော့ သက်ဆိုင်နေတာမဟုတ်ပဲ အသက်လက်တီကိုနည်းပြ ဆီမြွန်နီရဲ့နည်းစနစ်ပိုင်းတွေနဲ့လည်း ပတ်သက်လို့နေပြီး ဆီမြွန်နီက ခံစစ်ကို အသားပေးလွန်းတဲ့ ဟန်ပန်ကို အသုံးပြုပါများတော့ ဖီးလစ်အတွက် တိုက်စစ်လိုက်ပါဖို့က ခက်ခဲနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလောက်ပြောင်းရွှေ့ကြေးအထိ ပေးချေထားခံရတဲ့ ကစားသမားတစ်ယောက်အတွက် လက်ရှိစွမ်းဆောင်ရည်ကတော့ မဖြစ်သင့်တာတော့ အမှန်ပါပဲခင်ဗျာ။