စပိန်လာလီဂါချန်ပီယံဟောင်း ဘာစီိလိုနာအသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ အနီးဆုံးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းဆီ အမှတ်ပေးချန်ပီယံဆုကို လွဲပြောင်းပေးခဲ့ရပြီး အသင်းကလည်း နည်းပြအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ရသလို ကစားသမားအင်အားပိုင်းမှာလည်း လိုအပ်ချက်တွေက ရှိနေခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကနေ ခပ်မြန်မြန်ရုန်းထွက်နိုင်ဖို့ လာမယ့်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းဘက်ကနေ မဖြစ်မနေ ခေါ်ယူသွားသင့်တဲ့ ကစားသမားတွေရဲ့အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

မာတီနက်ဇ်

Photo Credit : Sportskeeda

ဘာစီလိုနာရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ တိုက်စစ်မှူးမာတီနက်ဇ်ကတော့ ဝါရင့်တိုက်စစ်မှူးကြီးဆွာရက်ဇ်ရဲ့နေရာအတွက် အကောင်းဆုံးအစားထိုးမှုဖြစ်လာလိမ့်မယ်လို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီရဲ့တိုက်စစ်ပိုင်းမှာ သူနဲ့တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ မက်ဆီနဲ့ တွဲဖက်ကစားရမှာဖြစ်လို့ သူရဲ့ခြေစွမ်းပိုင်းတွေလည်း ပိုမိုတောက်ပလာနိုင်ဖွယ် ရှိနေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာနဲ့ လက်တွဲချင်နေပေမယ့် ပြောင်းရွှေ့ကြေးကပဲ အဓိကအခက်အခဲ ဖြစ်လာနိုင်သလို ဘာစီဘက်ကတော့ ကစားသမားတစ်ယောက်လောက် အလိုက်ပေးရဖွယ် ရှိနေပါတယ်။ မာတီနက်ဇ်ကို ပိုင်ဆိုင်လိုက်ရရင် ဘာစီလိုနာတိုက်စစ်ပိုင်း ပိုပြီးထက်မြက်လာမှာ သေချာပါတယ်။

အမ်ဒွန်ဘီလီ

Photo Credit : Sportskeeda

ဘာစီလိုနာကွင်းလယ်ပိုင်းမှာ ပျောက်ဆုံးလို့နေတဲ့ အင်တိုက်အားတိုက် ကစားတတ်တဲ့စွမ်းအားတွေ ခွန်အားတွေက အမ်ဒွန်ဘီလီဆီမှာ ရှိလို့နေပါတယ်။ လက်ရှိ စပါးအသင်းမှာ နေရာပျောက်ဆုံးလို့နေတဲ့ အမ်ဒွန်ဘီလီကို ကလပ်အသင်းတော်တော်များများကနေ စိတ်ဝင်စားလျက်ရှိနေပြီး ဘာစီလိုနာကတော့ ကော်တင်ဟိုနဲ့ တိုက်ရိုက်လဲလှယ်မယ့် ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းဖွယ်ရှိပါတယ်။ အသက်(၂၃)နှစ်သာရှိသေးတဲ့ ပြင်သစ်ကွင်းလယ်လူဟာ ဘာစီလိုနာကွင်းလယ်နဲ့ လိုက်ဖက်တဲ့ ကစားသမားဖြစ်လို့ ခေါ်ယူသင့်ပါတယ်။

ပါအူတောရက်စ်

Photo Credit : Sportskeeda

အပေါ်က ကစားသမား(၂)ဦးကို လာလီဂါကစားသမားတွေမဟုတ်လို့ ဘာစီလိုနာမှာ အထိုင်ကျဖို့ အချိန်ပေးရနိုင်ပေမယ့် ဒီစပိန်နောက်ခံလူကတော့ ဘာစီလိုနာမှာ ချက်ချင်းအ့ံဝင်နိုင်မယ့်သူပါ။ ဗီလာရီးရဲလ်အသင်းရဲ့ခံစစ်မှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ပါအူတောရက်စ်ကို အသင်းများစွာကနေ ပစ်မှတ်ထားလို့နေပြီး ဘာစီလိုနာကလည်း အားနည်းနေတဲ့ သူတို့ရဲ့ဗဟိုခံစစ်ပိုင်းအတွက် ပါအူကို အလိုရှိနေပါတယ်။ လာမယ့်နှစ်မှာ အသင်းရဲ့နောက်ခံလူအမ်တီတီလည်း အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်သလို ပီကေးကလည်း ခြေနည်းနည်းကျလာပြီဖြစ်လို့ ပါအူကို ဘာစီတို့ လိုအပ်နေမှာ သေချာပါတယ်။

အလာဘာ

Photo Credit : Sportskeeda

ဂျော်ဒီအယ်ဘာကို အသင်းရဲ့ဘယ်ခြမ်းခံစစ်မှာ ပွဲဆက်ပေါင်းများစွာ အသုံးပြုထားခဲ့ရလို့ ပွဲပန်းမှုဒဏ်တွေကို အတော်လေးခံစားနေရသလို အသက်အရွှယ်အရ အသက်(၃၁)နှစ်လောက် ဖြစ်နေပြီဆိုတော့ သူရဲ့နေရာအတွက်ကိုလည်း အစားထိုးဖို့ လိုအပ်နေကာ ဒီနေရာအတွက် ဘိုင်ယန်ခံစစ်ကစားသမား အလာဘာကို ခေါ်ယူသင့်ပါတယ်။ ဘယ်ခြမ်းရော ဗဟိုခံစစ်နေရာမှာပါ ကစားတတ်သူဖြစ်တဲ့ အလာဘာက လက်ရှိမှာလည်း ဘိုင်ယန်ကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်လို့ အလာဘာလို အတွေ့အကြုံရှိ ကမ္ဘာ့အဆင့် နောက်ခံလူတစ်ဦးကို အရခေါ်ယူသင့်ပါတယ်။