ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် တနှစ် ရွှေ့ဆိုင်းခဲ့ရတဲ့ ယူရို ၂၀၂၀ပြိုင်ပွဲကိုတော့ သန်ဘက်ခါ ၁၂ရက်နေ့မှ စတင်ကာ နိုင်ငံပေါင်း ၁၃နိုင်ငံမှာ ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။ ဒီတခါမှာတော့ ကျွန်တော်က လူငယ် ကစားသမားတွေကိုမှ သတိထားပြီး စောင့်ကြည့်ချင်ပါတယ် ဆိုတဲ့ ပရိသတ်တွေ အတွက် ယူရို ၂၀၂၀ပြိုင်ပွဲမှာ စောင့်ကြည့်သင့်တဲ့ လူငယ် ကစားသမား ၃ဦးကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit: Metro

၃။ ဂရာဗန်ဘက် (နယ်သာလန်)

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အေဂျက်အသင်းနဲ့ နယ်သာလန်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ဂရာဗန်ဘက်ဟာ ယခုနှစ် ယူရို၂၀၂၀ပြိုင်ပွဲမှာ နယ်သာလန်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲကို ပါဝင်နိုင်ဖို့ အလားအလာ များနေသူပါ။ ဗန်ဒီဘိခ် မပါနိုင်တဲ့ အနေအထားကြောင့် နယ်သာလန်နည်းပြ ဖရန်ဒီ ဘိုးဝါးဟာ ဂရာဗန်ဘက်ကို အသင်းရဲ့ နံပါတ် ၁၀ နေရာမှာ ကစားခိုင်းဖို့ စီစဉ်ထားကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားသလို ဂရာဗန်ဘက်ဟာ ယခုနှစ် ဘောလုံးရာသီ တခုလုံးမှာ အေဂျက်အသင်းရဲ့ အဓိက ကစားသမား တဦးအဖြစ် ခြေစွမ်းပြထားတာကြောင့် နယ်သာလန်အသင်းရဲ့ ရှနိုက်ဒါ လက်သစ် ဖြစ်လာမလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။

Photo Credit: Metro

၂။ ဘယ်လင်ဟမ် (အင်္ဂလန်)

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ကိုတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ ပရိသတ်တွေ ကောင်းကောင်းကြီး မှတ်မိမယ် ထင်ပါတယ်။ မန်ချက်စတာ စီးတီးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ် နှစ်ကျော့စလုံးမှာ မန်ချက်စတာ စီးတီးအသင်းကို ဟာလန်း ၊ ဆန်ချိုတို့နဲ့ အပြိုင် ဒုက္ခပေးခဲ့တဲ့ ကစားသမားက ဘယ်လင်ဟမ်ပါပဲ။ အသက် ၁၇နှစ်ပဲ ရှိသေးပေမယ့် တောင့်တင်း ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသလို သူ့ရဲ့ ရဲရဲဝံ့ဝံ့ ကစားတတ်တဲ့ ကစားပုံတွေကြောင့် ဘယ်လင်ဟမ်ဟာ အင်္ဂလန်အသင်းရဲ့ လက်နက်ပုန်းတခု ဖြစ်လာနိုင်ပါတယ်။

Photo Credit: Metro

၁။ ချီဆာ (အီတလီ)

အသက် ၂၃နှစ် အရွယ် ချီဆာကတော့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ ရွှေဖိနပ်ဆု ရဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အီတလီ ကစားသမား ၃ဦးထဲက တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ မိခင်ကလပ် ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။ ဒါကြောင့်ပဲ ချီဆာဟာ အီတလီ လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ဘောလုံးရေးရာ သုံးသပ်သူတွေရဲ့ သုံးသပ်မှုကို ခံထားရပြီး ချီဆာ တယောက် အီတလီအသင်းကို ယူရိုချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်အောင် ကူညီနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။