စပါးအသင်းရဲ့အဓိကတိုက်စစ်ကစားသမား အသင်းခေါင်းဆောင် ဟယ်ရီကိန်းက သူဟာရည်မှန်းချက် ကြီးမားလှတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သူရဲ့လက်ရှိအသင်းဖြစ်တဲ့ စပါးအသင်းဘက်ကနေ သူ့လို ရည်မှန်းချက် ရည်ရွှယ်ချက် ကြီးကြီးမားမားမရှိဘူးဆိုရင်တော့ အသင်းကနေ ထွက်ခွာဖို့အတွက် ဝန်လေးနေမှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့သလို ကစားသမားကိုလည်း ရီးရဲလ်မက်ဒရစ် ဂျုဗင်တပ်စ် မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အတွက် ဒီနှစ်နွေမှာ စပါးဘက်ကနေ ကိန်းကိုထိန်းသိမ်းရခက်နိုင်သလို ကိန်းကိုသာရောင်းချရမယ်ဆိုရင် ဘယ်ကစားသမားတွေနဲ ့ ပြန်လည်အစားထိုးသင့်မလဲဆိုတာ သုံးသပ်ဆွေးနွေးသွားချင်ပါတယ်။

Photo Credit : Sportskeeda

ဒန်နီအင့်စ်
အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ဒန်နီအင့်စ်က ဘန်လေအသင်းမှာ ကစားခဲ့စဉ် အထင်ကြီးစရာကောင်းလောက်တဲ့ ခြေစွမ်းမျိုးပြသနိုင်ခဲ့ပေမယ့် လီဗာပူးလ်အသင်းကို ရောက်ရှိသွားချိန်မှာ သူရဲ့ကစားသမားဘဝ အမှောင်ဖုံးခဲ့ရပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်ကို ရောက်ရှိပြီး ဒဏ်ရာပြသာနာတွေကနေ သက်သာသွားချိန်မှာ အင့်စ်ဟာ သူရဲ့ခြေစွမ်းအမှန်တွေကို ပြန်လည်ပြသနိုင်ခဲ့ကာ ဒီရာသီမှာလည်း ဆောက်သမ်တန်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၁၅)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒန်နီအင့်စ်ရဲ့တန်ကြေးက ယူရို(၂၂)သန်းအထိကို ရှိနေတာကြောင့် သက်သက်သာသာ အစားထိုးနိုင်မှာဖြစ်ပါတယ်။

Photo Credit : Sportskeeda

မူဆာဒမ်ဘီလီ
လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီက ပြင်သစ်တိုက်စစ်မှူးဆိုပေမယ့် ဖူလ်ဟမ်အသင်းနဲ့အတူ အင်္ဂလန်မြေမှာ ကစားခဲ့ဖူးတာဖြစ်လို့ စပါးနဲ့ အံ့ဝင်ဖို့ သိပ်မခက်လောက်ဘူးလို့ပဲ သုံးသပ်ရမှာပါ။ ခက်ခဲနိုင်တာကတော့ လိုင်ယွန်ဘက်ကနေ ဒမ်ဘီလီအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးဖြစ်နေပြီး ပေါင်သန်း(၇၀)လောက် ရှိနိုင်ပါတယ်။ ပြင်သစ်တိုက်စစ်ကစားသမားလေး လက်ရှိမှာ အသက်(၂၃)နှစ်သာရှိသေးပြီး သူ့ကို ချယ်လ်ဆီး အာဆင်နယ် မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒမ်ဘီလီကို ခေါ်ယူဖို့က စပါးအတွက် ခက်ခဲမှုကြီးတစ်ခု ဖြစ်စေနိုင်ပါတယ်။

Photo Credit : Sportskeeda

တီမိုဝါနာ
လိုက်ပ်ဇစ်တိုက်စစ်မှူး ဝါနာကတော့ စပါးအသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဆုံတွေ့မှုမှာ စပါးရဲ့ခံစစ်ကို မွှေနှောက်နိုင်ခဲ့သူဖြစ်သလို လက်ရှိမှာလည်း လီဗာပူးလ် ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ပစ်မှတ်ဖြစ်လို့နေပါတယ်။ ဒီဂျာမန်တိုက်စစ်မှူးကို စပါးအသင်းဘက်ကနေ လွန်ခဲ့တဲ့(၅)နှစ် စတုဂတ်အသင်းမှာ ကစားခဲ့စဉ်ကတည်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး အခုနေ ဟယ်ရီကိန်းကို လက်လွတ်ရမယ်ဆိုရင် ဝါနာကို ထပ်မံကမ်းလှမ်းလာနိုင်ပါတယ်။ လက်ရှိမှာ ဝါနာရဲ့တန်ကြေးက ပေါင်(၅၃)သန်းလောက်ရှိနေတယ်ဆိုပေမယ့် စပါးဘက်က ဒီတန်ကြေးကို ပေးချေဖို့ မခက်ခဲပေမယ့် ကစားသမားကိုယ်တိုင်က လီဗာပူးလ်ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာက အကြီးဆုံးအခက်အခဲဖြစ်နိုင်ပါတယ်။