MySport Myanmar

(၃)ပွဲကစား (၃)ပွဲနိုင် ပေးဂိုးမရှိနဲ့ ချန်ပီယံလိဂ်မှာ ခြေစွာနေတဲ့ ဗီလာ

နည်းပြကြီး အူနိုင်း အမ်မရီလက်ထက်မှာ အက်စတွန် ဗီလာအသင်းက တိုးတက်မှုတွေ ပြသလာနိုင်ခဲ့ပြီး အသင်းနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဥရောပဝင်ခွင့်တွေကိုလည်း ပြန်လည် ယှဉ်ပြိုင်ခွင့်တွေ ရရှိလာခဲ့သလို အသင်းရဲ့ အဆင့်အတန်းဟာလည်း ပြန်ပြီးတော့ မြင့်မားလာခဲ့ရပါတယ်။

ဗီလာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ချန်ပီယံလိဂ်ပြိုင်ပွဲလို့ နာမည်မပြောင်းခင်တုန်းက ဥရောပဖလား (European Cup)မှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့ဖူးတဲ့ အသင်းပါ။ ဒါက ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့တာလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်လည်း ဗီလာက ၁၉၈၀နှစ်တွေလောက်ကပဲ ဒီပြိုင်ပွဲကြီးမှာ (၂)ကြိမ်ခန့်သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ပရီးမီးယားလိဂ်မှာ မန်စီးတီး အာဆင်နယ် လီဗာပူးလ် မန်ယူနိုက်တက် ချယ်လ်ဆီး စပါးတို့လို ကြီး(၆)ကြီးကို ကျော်လွန်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ဆိုတာ မလွယ်ကူပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ နယူးကာဆယ်နဲ့အတူ ဗီလာအသင်းကပါ Top 4 နေရာအထိ ထိုးဖောက်ရယူနိုင်ခဲ့ရင်း ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ဆင်နွဲခွင့် ရလာခဲ့ပါတယ်။

လက်ရှိမှာတော့ ဗီလာအသင်းဟာ ပုံစံသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ league phase ပွဲစဉ် (၃)ပွဲကို ကစားထားနိုင်ခဲ့ပါပြီ။ ချန်ပီယံလိဂ် အတွေ့အကြုံ နှနယ်နေသေးတဲ့ ဗီလာဟာ အခုဆို ချန်ပီယံလိဂ် (၃)ပွဲ ကစားထားပြီးချိန်မှာတော့ (၃)ပွဲလုံး ရာနှုန်းပြည့် နိုင်ပွဲတွေ အံ့အားသင့်စဖွယ် ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ချန်ပီယံလိဂ် အဖွင့်ပွဲအဖြစ် ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရမှာလည်း အဝေးကွင်း ပွဲစဉ် ဖြစ်ပေမယ့် (၃)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့သလို ဘိုင်ယန်မြူးနစ်လို ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲမှာ ပါဝင်နေတဲ့ အင်အားကြီး ကလပ်အသင်းကြီးကိုလည်း ဗီလာပါ့ခ်မှာ တစ်ဂိုးတည်းနဲ့ အနိုင်ယူခဲ့ပြန်ပါတယ်။

မနေ့က ဘိုလော့ဂ်နာနဲ့ ပွဲစဉ်မှာလည်း မက်ဂင်း ဒူရန်တို့ရဲ့ ဂိုးတွေနဲ့ ထပ်မံ အနိုင်ယူခဲ့ပြန်တာကြောင့် အခု league phase ပထမညပွဲစဉ်တွေအဖြစ် အမှတ်ပေးဇယားထိပ်မှာ ဗီလာအသင်းက မားမားမတ်မတ် ရပ်တည်နေပါတယ်။ ဒီလောက်အထိ ခြေစွာနေတဲ့ ဗီလာတို့ လာမယ့် ချန်ပီယံလိဂ်ပွဲတွေမှာ ဂျုဗင်တပ်စ် လိုက်ပ်ဇစ်တို့လို အသင်းမျိုးတွေနဲ့ ဆက်လက် ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲတွေမှာရော ဘယ်လိုရလဒ်တွေ ယူဆောင်ပြနိုင်ဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Exit mobile version