ပီအက်စ်ဂျီအသင်း နဲ့ ဒေါ့မွန်အသင်းတို့ ကစားသွားမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ်ဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရိသတ်တွေမပါဘဲ တံခါးပိတ် ကစားသွားမှာ ဖြစ်တယ်လို့ ပြင်သစ် ရဲတပ်ဖွဲ့က ယနေ့ တနင်္လာနေ့မှာပဲ တရားဝင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ ဒေ့ါမွန် အသင်းနဲ့ ကစားခဲ့စဉ်က တိုက်စစ်မှူး နေမာရဲ့ သွင်းဂိုး (၁) ဂိုးကို ရရှိခဲ့ပေမဲ့လည်း ဟာလန်းရဲ့ သွင်းဂိုး (၂) ဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် အဝေးကွင်းမှာ (၂-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: reuters

ယခုအပတ်မှာ ချန်ပီယံလိဂ် ပွဲစဉ်တွေကို ပြန်ကစားတော့မှာ ဖြစ်တာကြောင့် နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ ယခုအပတ် ဗုဒ္စဟူးနေ့ည ကြာသပတေးနေ့ နံနက် (၂း၃၀) အချိန်မှာ ဒေါ့မွန်အသင်းနဲ့ ကစားရမှာ ဖြစ်ပေမဲ့ ကိုရိုနာကြောင့် ပရိသတ် မပါဘဲ ကစားရမှာ ဖြစ်ပါတယ်။ နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီအသင်းကတော့ ပြီးခဲ့တဲ့ စနေနေ့ညက စထရာဘောင်းအသင်းနဲ့ လီးဂူးဝမ်း ပွဲစဉ် ကစားရမှာ ဖြစ်ပေမဲ့လည်း ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရွေ့ဆိုင်းသွားခဲ့ရပြီး ပြင်သစ်အစိုးရက ဘောလုံး ပွဲစဉ် အပါအဝင် အခြား ပွဲတွေကိုပါ ရပ်နားဖို့ သတိပေးခဲ့ပါတယ်။

Photo Credit: reuters

ပြင်သစ်အစိုးရဟာ ဥရောပ တစ်ခွင်မှာ ကိုရိုနာ ဗိုင်းရပ် ဖြစ်ပွားလာတာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူဦးရေ (၁၀,၀၀၀) နဲ့ အထက် ကျော်ပါဝင်တဲ့ ပွဲလမ်းသဘင်တွေ မှန်သမျှ အားလုံးကို ရပ်နားဖို့ သတိပေးခဲ့ပြီး ဘောလုံး ပွဲစဉ်တွေကိုလည်း တံခါးပိတ် ကစားသွားရမှာပဲ ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ လက်ရှိမှာ ဥရောပ နိုင်ငံတွေကို ရောက်ရှိလာပြီ ဖြစ်ပြီး ဥရောပနိုင်ငံ တွေထဲက အီတလီနိုင်ငံ ဆိုရင် ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားနေပြီ ဖြစ်တာကြောင့် ဘောလုံး ပွဲစဉ်တွေကို ရပ်နားဖို့အတွက် အချို့ ဘောလုံးကစားသမားတွေ တောင်းဆိုနေပြီ ဖြစ်ပါတယ်။