မနေ့က သောကြာနေ့ညမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပါဒါဘွန်းအသင်းတို့ရဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်(၂၃)မှာ အိမ်ရှင်ဘိုင်ယန်အသင်းက ၃ဂိုး၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဘွန်ဒက်လီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူးလီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုး၂ဂိုး သွင်းယူပေးနိုင်ခဲ့လို့ ဒီရာသီမှာ သူသွင်းယူထားခဲ့တဲ့ ဘွန်ဒက်လီဂါသွင်းဂိုးက ၂၅ဂိုးအထိကို ရှိလာခဲ့ပြီဖြစ်ပြီး ဂိုးသွင်းဘုရင်ဖြစ်လာဖို့က တဖြည်းဖြည်းကို နီးစပ်လာခဲ့ရပြီဖြစ်ပါတယ်။

Photo Credit : Bundesliga

အသက်၃၁နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးဟာ ပါဒါဘွန်းနဲ့ပွဲစဉ်အတွင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကြောင့် ဒီရာသီမှာ ဘွန်ဒက်လီဂါ ၂၃ပွဲကစားပြီးနောက် သွင်းဂိုး၂၅ဂိုးအထိ ရယူနိုင်ခဲ့သူ ဖြစ်လာခဲ့ရပါတယ်။ ဒီလိုမျိုး ဘွန်ဒက်လီဂါမှာ ပွဲစဉ်၂၃ပွဲကစားအပြီး သွင်းဂိုး၂၅ဂိုးရရှိခဲ့တာက ဘွန်ဒက်လီဂါသမိုင်းကြောင်းမှာ တစ်ဦးတည်းသာရှိခဲဲ့ပြီး သူကတော့ ဘိုင်ယန်နဲ့ ဂျာမနီဂန္တဝင်တိုက်စစ်ကစားသမားကြီး ဂတ်မူလာပဲဖြစ်ပါတယ်။ အခုဆိုရင် လီဝန်ဒေါစကီးကလည်း သူစီနီယာကြီးရဲ့စံချိန်ကို လိုက်မှီသွားနိုင်ခဲ့ပြီဖြစ်ကာ နောက်ထပ်သွင်းဂိုးတွေကိုလည်း လာမယ့်ပွဲတွေမှာ ဆက်လက်သွင်းယူဖွယ်ရှိနေပါတယ်။

Photo Credit : Fox Sports Asia

လီဝန်ဒေါစကီးရဲ့ ဘိုင်ယန်မြူးနစ်အသင်းက မနေ့ညကပွဲမှာ တစ်ပွဲလုံးနီးပါးကို အသာစီးရယူ ကစားနိုင်ခဲ့ပေမယ့်လည်း အမှတ်ပေးဇယားအောက်ဆုံးက ပါဒါဘွန်းအသင်းရဲ့့ ရုန်းအားတွေကြောင့် ဦးဆောင်ဂိုးတွေရပြီးမှ ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပြီး လီဝန်ဒေါစကီးရဲ့ ၈၈မိနစ်မှာ သွင်းယူခဲ့တဲ့ နောက်ကျချေပဂိုးကြောင့်သာ နိုင်ပွဲဲရရှိခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ လိဂ်ပွဲ၂၃ပွဲ ကစားပြီးတဲ့နောက်မှာ ရမှတ်၄၉မှတ် ရယူထားခဲ့ပြီး ဒုတိယနေရာက လိုက်ပ်ဇစ်အသင်းကို ရမှတ်၄မှတ်အထိကို ဖြတ်တောက်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းအနေနဲ့ကလည်း ဒီတစ်ပတ်အတွင်းမှာ ရှော်ကေးအသင်းနဲ့ ဘွန်ဒက်လီဂါပွဲကျပ်တစ်ပွဲကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး ရှော်ကေးရဲ့အိမ်ကွင်းကစားအားကြောင့် ရမှတ်အပြည့်ရဖို့ ရုန်းကန်လာရဖွယ်ရှိနေသလို တတိယနေရာက ဒေါ့မွန်ကလည်း ဝါဒါဘရီမင်ရဲ့အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်လို့ သူတို့လည်း ရုန်းကန်ရဖွယ်ရှိနေပါတယ်။