၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ခင်မှာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ချိုးဖျက်နိုင်ဖွယ်ရှိတဲ့ ကမ္ဘာ့ဖလား စံချိန်မှတ်တမ်းများဆိုတဲ့ ဆောင်းပါးကို ရေးသားခဲ့ရာ အခု ပြိုင်ပွဲကြီးလည်း မနေ့ညကပဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး မက်ဆီကလည်း အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်လို့ ဒီပြိုင်ပွဲအတွင်း မက်ဆီတစ်ယောက် ဘယ်စံချိန်တွေကိုပါ ထပ်မံ ပိုင်ဆိုင်နိုင်ခဲ့သလဲဆိုတာ ဖော်ပြပေးသွားချင်ပါတယ်။

Lionel Messi says he's not done yet with Argentina national team | FOX  Sports

Photo Credit : FOX Sports

ပထမဆုံး ဖော်ပြပေးသွားချင်တာကတော့ ပြိုင်ပွဲတလျှောက် အကောင်းဆုံး ကစားသမားဖြစ်သူကို ပေးအပ်တဲ့ golden ball award ဆုအကြောင်းပါပဲ။ ဒီဆုကို မက်ဆီက ၂၀၁၄ကမ္ဘာ့ဖလားမှာတုန်းက ပိုင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ကမ္ဘာ့ဖလားတော့ မရခဲ့ပါဘူး။ အခုကတော့ ကမ္ဘာ့ဖလားရော golden ball award ပါ ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့ဖလား သမိုင်းတလျှောက် golden ball award ကို (၂)ကြိမ်ထိ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Photo Credit : Reuters

မက်ဆီက ၂၀၂၂ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအတွက် (၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၃)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမတိုင်ခင် ကမ္ဘာ့ဖလားသွင်းဂိုး (၆)ဂိုး ရှိထားခဲ့တဲ့ မက်ဆီဟာ ပြိုင်ပွဲအတွင်းမှာ (၇)ဂိုး ထပ်သွင်းနိုင်ခဲ့တာကြောင့် အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားသွင်းဂိုး အများဆုံး သွင်းယူထားသူ ဘတစ္စတူတာရဲ့ (၁၀)ဂိုးကို ကျော်ဖြတ်ပြီး စံချိန်သစ် ရေးထိုးသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီဟာ စုစုပေါင်း ကမ္ဘာ့ဖလားသွင်းဂိုး (၁၃)ဂိုးထိ ရှိလာခဲ့လို့ ပြိုင်ပွဲတလျှောက် ကမ္ဘာ့ဖလားသွင်းဂိုး အများဆုံး ကစားသမားစာရင်းမှာ အဆင့်(၄)နေရာကို ပြင်သစ်ကစားသမားဟောင်းကြီး ဂျက်စ်ဖောင်တိန်နဲ့အတူ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit : CNN

မက်ဆီဟာ ဆော်ဒီအာရေဗျကို ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲကနေပြီး ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားဖိုင်နယ်အထိ ပွဲတိုင်း ပါဝင်ကစားခဲ့ရာ အခုဆိုရင် ကမ္ဘာ့ဖလား ပွဲအရေအတွက်ပေါင်း (၂၆)ပွဲနဲ့ ကမ္ဘာ့ဖလားမှာ ပွဲပေါင်းများစွာ ပါဝင်ကစားနိုင်ခဲ့သူအဖြစ် လိုသာမားသီးယပ်စ်ရဲ့ စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီယေဂိုမာရာဒိုနာရဲ့ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားပွဲ အများဆုံး ကစားထားနိုင်တဲ့ စံချိန်ကိုပါ ထပ်မံ ရိုက်ချိုးနိုင်ခဲ့ပါသေးတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာပဲ အုပ်စု+ရှုံးထွက်+ကွာတား+ဆီမီး+ဖိုင်နယ် အဆင့်အားလုံးမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားလည်း ဖြစ်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာပဲ player of the match (POTM) ဆုကို (၅)ကြိမ်ထိ ရယူနိုင်ခဲ့သူလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒါတွေအပြင် ကမ္ဘာ့ဖလားမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲအများဆုံး (၁၉ပွဲ) ပါဝင်နိုင်ခဲ့သူ ၊ POTM ဆုကို အရေအတွက်များဆုံး (၁၁ကြိမ်) ရယူနိုင်ခဲ့သူ ၊ ကမ္ဘာ့ဖလားမှာ အဖွင့်ဂိုး (၈ဂိုး) အများဆုံး သွင်းယူနိုင်သူ ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ(၄)ခုမှာ ဂိုးရော ဂိုးဖန်တီးပါ လုပ်ဆောင်ခဲ့တဲ့ ပထမဆုံးသော ကစားသမား အစရှိတဲ့ စံချိန်တွေပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။