MySport Myanmar

ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်အတွက် အပြိုင်လုကြရမယ့် လန်ဒန်ကလပ်အသင်းများ

ပရီးမီးယားလိဂ်ပြိုင်ပွဲကြီး ရာသီတစ်ခု ပြီးဆုံးဖို့က လက်ကျန်ပွဲစဉ်(၃)ပွဲသာ ကျန်ရှိပါတော့တယ်။ ဒါပေမယ့် တခြားအသင်းတွေကတော့ (၃၄)ပွဲသာ ကစားထားရတာဖြစ်လို့ လက်ကျန်(၄)ပွဲလောက်အထိ ဆက်လက်ယှဉ်ပြိုင်ရပါမယ်။ ဒီလို လက်ကျန်(၄)ပွဲ ကစားရမယ့်အထဲမှာ လန်ဒန်အသင်းကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ပါ ပါဝင်လို့နေပြီး ဒီအသင်းတွေက လက်ရှိမှာ အဆင့်(၃ ၄)နေရာအတွက် အကြိတ်အနယ် ဖြစ်နေရသလို လက်ကျန်ပွဲစဉ်တွေအတွင်း အာဆင်နယ်နဲ့ စပါးအသင်းတို့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပွဲစဉ်လည်း ပါဝင်နေတာဖြစ်လို့ တကယ့်ကို အကြိတ်အနယ် ရှိနေမှာ အသေအချာပါပဲ။

လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုအရ အမှတ်ပေးချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်နေရတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတွေက နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တွေ အသီးသီး ပိုင်ဆိုင်ထားရပြီဖြစ်ပြီး လက်ကျန်(၂)နေရာစာအတွက် ချယ်လ်ဆီး အာဆင်နယ် တော့တင်ဟမ်တို့ (၃)သင်းက အပြိုင်ဖြစ်လာခဲ့ရပါတယ်။ အဆင့်(၃)နေရာမှာ ရပ်တည်နေရတဲ့ ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် ခိုင်ခိုင်မာမာ ရပ်တည်ထားနိုင်ပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၄)ပွဲမှာ (၃)ပွဲအထိ နိုင်ပွဲပျောက်ထားခဲ့ရလို့ (၃)သင်းလုံးကြား အမှတ်ကွာဟမှုက ကျဉ်းမြောင်းလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Football London

ချယ်လ်ဆီးရဲ့ လက်ကျန်ပွဲ
ချယ်လ်ဆီး နဲ့ ဝုလ်ဗ်
လိဒ်စ် နဲ့ ချယ်လ်ဆီး
ချယ်လ်ဆီး နဲ့ လက်စတာ
ချယ်လ်ဆီး နဲ့ ဝက်ဖို့ဒ်

Photo Credit : The Short Fuse

အာဆင်နယ်နဲ့ လက်ကျန်ပွဲ
အာဆင်နယ် နဲ့ လိဒ်စ်
တော့တင်ဟမ် နဲ့ အာဆင်နယ်
နယူးကာဆယ် နဲ့ အာဆင်နယ်
အာဆင်နယ် နဲ့ အဲဗာတန်

Photo Credit : The Limited Times

တော့တင်ဟမ်ရဲ့ လက်ကျန်ပွဲ
လီဗာပူးလ် နဲ့ တော့တင်ဟမ်
တော့တင်ဟမ် နဲ့ အာဆင်နယ်
တော့တင်ဟမ် နဲ့ ဘန်လေ
နောဝစ်ချ် နဲ့ တော့တင်ဟမ်

ချယ်လ်ဆီး အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ (၃)သင်းကြားမှာ ချယ်လ်ဆီးက (၆၆)မှတ် အာဆင်နယ်က (၆၃)မှတ်် တော့တင်ဟမ်က (၆၁)မှတ်သာ ရှိနေတဲ့အတွက် (၃)သင်းကြား အမှတ်ကွာဟမှုက (၅)မှတ်ထိသာ ကွာဟနေတဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုက ထင်ထားတာထက်ကို အကြိတ်အနယ် ရှိလာနိုင်ပါတယ်။ လက်ရှိအနေအထားတွေအရ အဆင့်(၃)နေရာက ချယ်လ်ဆီးဟာ (၆၆)မှတ်ထိ ရရှိထားသလို အသင်း(၃)သင်းလုံးမှာလည်း ဂိုးကွာခြားချက် အများဆုံးဖြစ်နေတာကြောင့် ရလဒ်ပိုင်း အတိမ်းအစောင်းသာ ထပ်မဖြစ်ဘူးဆိုရင် အနိမ့်ဆုံး အဆင့်(၄)လောက်ထိ ရယူသွားနိုင်ပါတယ်။

ဒါပေမယ့် တော့တင်ဟမ်ကတော့ လာမယ့်တစ်ပတ်မှာ လီဗာပူးလ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမှာ ဖြစ်သလို ဒီပွဲပြီးတာနဲ့ အာဆင်နယ်အသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲကိုပါ ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်လို့ စပါးရဲ့ Top 4 မျှော်လင့်ချက်က ပိုပြီးတော့ ရင်လေးစရာ ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ်ကလည်း လက်ရှိမှာ တောက်လျှောက် ရလဒ်ကောင်းနေတယ် ဆိုပေမယ့်လည်း မြောက်လန်ဒန်ဒါဘီအပြင် form မှန်နေတဲ့ နယူးကာဆယ် တန်းမဆင်းရအောင် ရုန်းနေရတဲ့ လိဒ်စ် အဲဗာတန်တို့နဲ့ပါ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်လို့ (၃)သင်းလုံးအတွက် သတိထားစရာ ဖြစ်လာနိုင်ပါတယ်။

Exit mobile version