ဘယ်လ်ဂျီယံအသင်းရဲ့ ရောဘတ်တို မာတီနက်ဇ် ကတော့ အီဒင် ဟာဇက် အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ်ဟာ ဟာဇက် အတွက် နှစ်ကောင်း တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဟာဇက် ဟာ ဒဏ်ရာပြဿနာတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲကစားခွင့်တွေ ပျောက်ဆုံး ခဲ့ရသလို ကိုဗစ်ပိုး ကူးစက်ခံခဲ့ရတာ‌ကြောင့် ဒီနှစ် နိုင်ငံတကာ ပွဲစဉ်မှာလည်း ဘယ်လ်ဂျီယံ အသင်း အတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ် အသင်းဆီကို ၂၀၁၉ ဇွန်လ မှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ ရောက်ရှိလာတာ ဖြစ်ပြီး မကြာခင်မှာပဲ ဒဏ်ရာ ပြဿနာ ရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြိုင်ပွဲစုံ ၂၅ ပွဲအထိ ပါဝင်ကစားခွင့် မရရှိခဲ့ပါဘူး။

Photo Credit: AS English

ဟာဇက် ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပွဲစဉ်တော်တော်များများကို လွဲချော်ထားခဲ့ပေမယ့်လည်း အသင်းအတွက် ၂ ဂိုးသွင်းကာ ၄ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဟာဇက် ယခင် ပရီးမီးယားလိဂ်မှာ ကစားခဲ့တုန်းကတော့ ချယ်လ်ဆီး အသင်းအတွက် တစ်ဦးတည်း ၁၆ ဂိုးသွင်းကာ ၁၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကြွက်သား ဒဏ်ရာ ပြဿနာကြောင့် ဟာဇက် ဟာ ရီးရဲလ်အတွက် ရာသီအစမှာ ကစားပေးနိုင်ခဲ့ခြင်းမရှိပဲ အောက်တိုဘာ ၂၇ ရက်အထိ အနားယူခဲ့ရပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာက ပြန်လည် သက်သာလာပြီးနောက် ၃ ပွဲကစားအပြီး ကံဆိုးစွာနဲ့ပဲ ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အပတ်ကအထိ ရောဂါပိုးစစ်ဆေးတွေ့ ရှိနေတာကြောင့် ဟာဇက် အနေနဲ့ နိုင်ငံတကာ ပွဲစဉ်အဖြစ် ဒိန်းမတ်နဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မာတီနက်ဇ် ကတော့ ဟာဇက် အနေနဲ့ မကြာခင်မှာ ပြန်လာပြီး အကောင်းဆုံးခြေစွမ်းတွေနဲ့ ကစားကာ မက်ဒရစ်နဲ့ ဘယ်လ်ဂျီယံ အတွက် အရေး ပါတဲ့ ကစားသမားတစ်ဦး အဖြစ် ပြန်မြင်တွေ့ရလိမ့်မယ်လို့ ယုံကြည်ကြောင်းဆိုထားပါတယ်။

 

 

Photo Credit: AS English

“ အီဒင် က တကယ်ကိုပဲ ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းပြီး ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံး ၃ ပွဲမှာ ပါဝင် ‌ဆင်နွဲချင်ခဲ့တာပါ။ သူ့အနေနဲ့ ရှုပ်ထွေးလှတဲ့ နှစ်တစ်နှစ် ကို ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ အချိန် ဖြစ်ပါတယ်။ ၂၀၂၁ က အီဒင်ဟာဇက်နဲ့ နိုင်ငံ အသင်း အတွက် အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ” ဂိုးသမား ကော်တိုရစ် ကတော့ အသင်းဖော် ဟာဇက်နဲ့ ပတ်သက်ပြီး အခုလိုပြောဆိုထားပါတယ်။ “ သူ ဒီပွဲစဉ်ကို လွဲချော်ရတာ ဝမ်းနည်း စရာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ မှာ သူမပါပဲ အနိုင်ရရှိမယ့် အရည်အချင်းမျိုးရှိပါ‌တယ်။ အုပ်စုထဲမှာ ရှိကြတဲ့ ကျန်တဲ့ အသင်းတွေက အတွေ့အကြုံတွေ ပိုကောင်းလာကြပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ပိုတိုးတက်ဖို့ လိုနေသေးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ အသင်းက ကမ္ဘာပေါ်မှာ ရှိတဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအပါအဝင် ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။