ယနေ့မနက် ၄နာရီခွဲ အချိန်မှာတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ နွေရာသီ အပြောင်းအရွှေ့ ကတော့ တရားဝင် ပိတ်သိမ်းသွားခဲ့ပါပြီ။ ယခုနှစ် နွေဈေးကွက် အတွင်းမှာ တန်ကြေးမြင့် အပြောင်းအရွှေ့တွေကို များများစားစား မမြင်ခဲ့ရပဲ ရုတ်တရတ် ဆိုသလို ဗြုန်းစားကြီး ဖြစ်ပေါ်ခဲ့ကာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ အပြောင်းအရွှေ့တွေတော့ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီတခါမှာတော့ ကျွန်တော်က ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ အပြောင်းအရွှေ့တွေကို စုစည်း ဖော်ပြပေးသွားမှာပါ။

Photo Credit: Dairo

၄။ ရာမို့စ် (ရီးရဲလ်မက်ဒရစ်မှ ပီအက်စ်ဂျီ)

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်ခဲ့ပြီးမှ ရုတ်တရတ် ဆိုသလို ရီးရဲလ်မက်ဒရစ်အသင်းက သူ့အတွက် စာချုပ်သစ် ကမ်းလှမ်းမှုကို ပြန်လည် ရုတ်သိမ်းသွားခဲ့တာကြောင့် ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကာ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Marca

၃။ ဂရစ်ဇ်မန်း (ဘာစီလိုနာမှ အက်သလက်တီကို မက်ဒရစ်)

ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့ဟာ နွေဈေးကွက် ပိတ်သိမ်းခါနီး နာရီပိုင်းအလိုမှ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ စတင် ဆွေးနွေးခဲ့ကြတဲ့ အပြောင်းအရွှေ့ တခု ဖြစ်ပြီး ဒီအပြောင်းအရွှေ့ကို နွေဈေးကွက် ပြီးဆုံးချိန်မှသာ အပြီးသတ် နိုင်ခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ် အသင်းထံ တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ဝယ်ယူခွင့်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

Photo Credit: Marca

၂။ မက်ဆီ (ဘာစီလိုနာမှ ပီအက်စ်ဂျီ)

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု အားလုံး ပြီးစီးကာ လက်မှတ်ထိုး ကြေညာမယ့် အချိန်ကို ရောက်မှ ဘဏ္ဍာရေး စည်းမျဉ်းတွေကြောင့် စာချုပ်သစ် ချုပ်ဆိုခွင့် မရတော့ပဲ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မက်ဆီဟာ အသင်းဖော်ဟောင်း နေမာရှိရာ ပီအက်စ်ဂျီအသင်းထံ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Marca

၁။ ရိုနယ်ဒို (ဂျူဗင်တပ်မှ မန်ချက်စတာ ယူနိုက်တက်)

ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ကို နံပါတ်တစ် နေရာမှာ ထားရတဲ့ အချက်ကတော့ ပြောင်းရွှေ့ကြေးကြောင့် မဟုတ်ပဲ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့လို့ ဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ စတင် စဉ်းစားခဲ့ချိန်မှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းနဲ့ တောက်လျှောက် အချိတ်အဆက် ရှိခဲ့ပေမယ့် အဆုံးသတ်မှာတော့ ဆရာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စကားကို နားထောင်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဆီသာ ပြန်သွားခဲ့ပါတယ်။