၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ The Best Award အတွက် စကာတင် ကစားသမား စာရင်းကိုတော့ မကြာခင်မှာပဲ ဖီဖာက ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီဟာ ပုံမှန် မဟုတ်တဲ့ ဘောလုံးရာသီ တစ်ခု ဖြစ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ် ပျံ့နှံ့ ကူးစက်ခဲ့တာကြောင့် ဘောလုံးရာသီကို ကာလရှည် အနားယူခဲ့ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲလို ပြိုင်ပွဲတွေကို ပြန်လည် ကျင်းပရတဲ့ အချိန်မှာလည်း နှစ်ကျော့ ယှဉ်ပြိုင်ရမယ့် နေရာမှာ တစ်ကျော့တည်း ယှဉ်ပြိုင်တဲ့ စနစ်ကို ကျင့်သုံးခဲ့ရပါတယ်။ ဒါ့ကြောင့် ၂၀၁၉- ၂၀၂၀ ဘောလုံးရာသီမှာ ပုံမှန် ခြေစွမ်းကောင်း တစ်ရပ်ကို ထိန်းသိမ်းနိုင်ခဲ့တဲ့ ကစားသမားတွေဟာ အတော်လေးကို ကောင်းမွန်တဲ့ ကစားသမားတွေလို့ သတ်မှတ် ရနိုင်ပြီး ဒီတစ်ခါမှာတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ The Best Player of The Year Award (Man) အတွက် စကာတင် ဝင်ထားတဲ့ ကစားသမား ဆယ်ဦးစာရင်းကို ဖော်ပြ ပေးသွားမှာပါ။

Photo Credit: Standard

လက်ရှိမှာ The Best Player of The Year Award ကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေတဲ့ ကစားသမား ကတော့ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီး ဖြစ်ပြီး လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းကို ဥရောပ ချန်ပီယံလိဂ်ဖလား ရရှိအောင် ဦးဆောင် ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးရဲ့ နောက်မှာ The Best ဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေ ကတော့ ဘာစီလိုနာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား လီယွန်နယ် မက်ဆီ ၊ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ ဆာလက်၊ မာနေးနဲ့ ပီအက်စ်ဂျီအသင်းကို အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ အရောက် ပို့ပေးနိုင်ခဲ့တဲ့ နေမာနဲ့ အမ်ဘာပေတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အဆိုပါ ကစားသမား ၆ဦးရဲ့ နောက်မှာတော့ ဂျူဗင်တပ် အသင်းရဲ့ တိုက်စစ်မှူး စီရိုနယ်ဒို ၊ လီဗာပူး အသင်းရဲ့ ခံစစ်မှူး ဗန်ဒိုက် ၊ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ် ၊ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကွင်းလယ်လူ အယ်ကန်တာရာ ၊ မန်စီးတီးအသင်းရဲ့ ကွင်းလယ် ဗိုလ်ချုပ် ဒီဘရိုင်း တို့ဟာ The Best Awardကို ရရှိနိုင်ချေ ရှိတဲ့ စကာတင် ကစားသမားစာရင်းမှာ ပါဝင် နေပါတယ်။ ဒါပေမယ့် ဘောလုံး ကျွမ်းကျင်သူတွေနဲ့ သတင်း မီဒီယာတွေ ကတော့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီးကသာ The Best Player of The Year Award ကို ဆွတ်ခူးသွားမှာ ဖြစ်ကြောင်း သုံးသပ် ထားကြပြီး လီဝမ်ဒေါစကီးဟာ ချန်ပီယံလိဂ် ပြိုင်ပွဲက ပေးအပ် ချီးမြှင့်ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။