လက်ရှိ ဘောလုံးရာသီကတော့ ဥရောပရဲ့ ဘောလုံးရာသီတွေထဲမှာ ကသောင်းကနင်း အဖြစ်ဆုံး ရာသီတစ်ခုအဖြစ် သတ်မှတ်လို့ရတဲ့ ဘောလုံးရာသီတစ်ခုပါ။ တရုတ်နိုင်ငံကနေ စတင် မြစ်ဖျားခံ ကူးစက်လာတဲ့ ကိုရိုနာဗိုင်းရပ် ခေါ် Covid-19 ဗိုင်းရပ်ပိုးကြောင့် လူစုလူဝေးကို ဖြစ်ပေါ်စေနိုင်တဲ့ ဘောလုံးပွဲစဉ်တွေကို နှစ်လကျော် ကြာအောင် ရပ်နားထားခဲ့ရသလို လက်ရှိမှာ ပြန်ကစားဖို့ လုပ်ဆောင်နေပေမယ့် ဘောလုံးပွဲတစ်ပွဲရဲ့ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ ပရိသတ်တွေကတော့ ဘောလုံးကွင်းထဲကို ဝင်ရောက် ကြည့်ရှုခွင့်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘောလုံးပွဲစဉ်တွေရဲ့ ရသဟာ အနည်းနဲ့ အများ ပျက်ယွင်းသွားနိုင်သလို တစ်ဖက်မှာလဲ ဘောလုံးအသင်းတွေရဲ့ ဝင်ငွေကို ထိခိုက်စေခဲ့ပါတယ်။

Photo Credit: Standard

ဘောလုံးအသင်း တစ်သင်းဟာ ပွဲစဉ်တစ်ပွဲကို ကစားတိုင်း ပရိသတ်တွေကနေ ကွင်းဝင်ကြေးတွေ ရရှိလေ့ရှိသလို ကွင်းဝင်ကြေးအပြင် ဘောလုံးကွင်း အတွင်းဘက်နဲ့ အပြင်ဘက်မှာ ရောင်းချကြတဲ့ မုန့်ဆိုင် ၊ အမှတ်တရပစ္စည်းဆိုင် ၊ စားသောက်ဆိုင် စတဲ့ ဆိုင်တွေဆီကနေလည်း ဝင်ငွေတွေ ထပ်မံ ရရှိကြပါတယ်။ ဒါ့ကြောင့် ကိုရိုနာဗိုင်းရပ် ကာလမှာ ဘောလုံးအသင်း အများစုဟာ ဘဏ္ဏာရေးဆိုင်ရာ ယိုင်နဲ့မှု အများအပြားနဲ့ ရင်ဆိုင်နေရပြီး ဒီလိုအခြေအနေမှာ ဘယ် ဘောလုံးအသင်းတွေဟာ တန်ကြေးအမြင့်မားဆုံး အသင်းတွေ ဖြစ်ကြမလဲဆိုတာကို ပရိသတ် အများစုက စိတ်ဝင်စားနေကြပါတယ်။ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့တန်ကြေး အမြင့်မားဆုံး အသင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အသင်းဟာ စပိန်လာလီဂါ ထိပ်သီးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တန်ကြေးဟာ ယူရို ၃.၄၇၈ ဘီလီယံ အထိ ရှိနေပါတယ်။

Photo Credit: Standard

ရီးရဲလ်မက်ဒရစ်အသင်း ပြီးတဲ့နောက် ကမ္ဘာ့ ဒုတိယမြောက် တန်ကြေးအမြင့်ဆုံး အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းပဲ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တန်ကြေးဟာ ယူရို ၃.၃၄၂ ဘီလီယံ တန်ကြေး ရှိပြီး တတိယနေရာမှာ ရှိနေတဲ့ အသင်းကတော့ ဘာစီလိုနာအသင်းဖြစ်ကာ ဘာစီလိုနာအသင်းရဲ့ တန်ကြေးကတော့ ယူရို ၃.၁၉၃ ဘီလီယံ ရှိပါတယ်။ စတုတ္ထမြောက် နေရာမှာ ရှိနေတဲ့ အသင်းကတော့ ဂျာမန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်း ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ တန်ကြေးဟာ ယူရို ၂.၈၇၈ ဘီလီယံ ရှိပါတယ်။ တန်ကြေးအမြင့်မားဆုံး အသင်းရဲ့ ပဉ္စမမြောက် နေရာမှာတော့ လီဗာပူးအသင်းက ရှိနေပြီး လီဗာပူးအသင်းရဲ့ တန်ကြေးဟာ ယူရို ၂.၆၇၈ ဘီလီယံပဲ ဖြစ်ပါတယ်။

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး အသင်းဆယ်သင်း ထဲမှာ ပါဝင်နေတဲ့ တခြားအသင်းတွေကတော့ –

၆။ မန်စီးတီး (တန်ကြေး-ယူရို၂.၆၀၆ ဘီလီယံ)
၇။ ချယ်လ်ဆီး (တန်ကြေး-ယူရို၂.၂၈၁ ဘီလီယံ)
၈။ စပါး(တန်ကြေး-ယူရို၂.၀၆၇ ဘီလီယံ)
၉။ ပီအက်စ်ဂျီ(တန်ကြေး-ယူရို၁.၉၁၁ ဘီလီယံ)
၁၀။ အာဆင်နယ်(တန်ကြေး-ယူရို၁.၈၅၂ ဘီလီယံ)