ကမ္ဘာကျော် စီးပွားရေးမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes မဂ္ဂဇင်းက ထုတ်ပြန် ကြေညာတဲ့ ၁.၆.၂၀၁၉ ကနေ ၁.၆.၂၀၂၀ အထိ တစ်နှစ်တာ အတောအတွင်းမှာ ကမ္ဘာ့ဝင်ငွေအများဆုံး ဘောလုံးသမား စာရင်းမှာတော့ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ဟာ ၃၀.၅.၂၀၂၀ သာ ရှိသေးပေမယ့် ကျန်ရှိနေသေးတဲ့ နှစ်ရက်တာ အတောအတွင်းမှာ ဘောလုံးသမားတွေရဲ့ ဝင်ငွေဟာ တိုးလာဖို့ မရှိတော့တာကြောင့် စီရော်နယ်ဒိုဟာ Forbes မဂ္ဂဇင်းရဲ့ တစ်နှစ်တာ ဝင်ငွေအများဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပြီး အဆိုပါနေရာ ကို ရရှိဖို့အတွက် ရော်နယ်ဒိုဟာ သူ့ရဲ့ပြိုင်ဘက် ဖြစ်တဲ့ လီယွန်နယ်မက်ဆီကို နှာတစ်ဖျား အသာနဲ့ ကျော်ဖြတ်ခဲ့တာလို့ သိရပါတယ်။
Photo Credit: Sportskeeda
Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ကြေညာမှုအရ ရော်နယ်ဒိုဟာ တစ်နှစ်တာကာလ အတွင်းမှာ ဝင်ငွေ ဒေါ်လာ ၁၀၅သန်းအထိ ရရှိခဲ့တာလို့ သိရှိရပြီး ရော်နယ်ဒိုပြီးတဲ့နောက် ဝင်ငွေအများဆုံး ဘောလုံးသမားကတော့ ရော်နယ်ဒိုရဲ့ မဟာ ပြိုင်ဘက် ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား လီယွန်နယ် မက်ဆီပဲ ဖြစ်ပါတယ်။ မက်ဆီဟာ တစ်နှစ်တာ ကာလအတွင်းမှာ ဒေါ်လာ ၁၀၄သန်းအထိ ဝင်ငွေ ရရှိခဲ့ပြီး ရော်နယ်ဒိုထက် ဒေါ်လာ၁သန်းသာ ဝင်ငွေ လျော့ခဲ့တာပါ။ ဝင်ငွေအများဆုံး ကစားသမား စာရင်းရဲ့ တတိယနေရာမှာ ရပ်တည်နေတာ ကတော့ ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး နေမာ ဖြစ်ပြီး နေမာဟာဆိုရင် တစ်နှစ်တာ ကာလအတွင်းမှာ ဝင်ငွေ ဒေါ်လာ ၉၅သန်းအထိ ရရှိခဲ့ပါတယ်။
Photo Credit: Sportskeeda
ကမ္ဘာ့ဝင်ငွေအများဆုံး ဘောလုံးသမားစာရင်းရဲ့ စတုတ္ထနေရာမှာ ရှိနေတဲ့သူကတော့ အီဂျစ် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်လဲ ဖြစ် လီဗာပူးအသင်းရဲ့ အဓိက ကစားသမားလဲ ဖြစ်တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလက်ပဲ ဖြစ်ပါတယ်။ ဆာလက်ဟာ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ဒေါ်လာ ၃၅.၁သန်းအထိ ဝင်ငွေ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ဝင်ငွေအများဆုံး ပဉ္စမနေရာမှာ ရှိနေသူကတော့ ပီအက်စ်ဂျီ အသင်းရဲ့ လူငယ်တိုက်စစ်မှူး အမ်ဘာပေ ဖြစ်ပြီး အမ်ဘာပေဟာ တစ်နှစ်တာကာလ အတွင်းမှာ ဒေါ်လာ ၃၃.၈သန်းအထိ ဝင်ငွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။