ဇွန်လ(၁၁)ရက်နေ့ကနေ ဇူလိုင်လ(၁၁)ရက်နေ့အထိ တစ်လတာဝန်းကျင်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ပြီးဆုံးသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်လိမ့်မယ်လို့ ဘောလုံးပရိသတ်များစွာကနေ မယူဆားခဲ့ကြတဲ့ အီတလီအသင်းက ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းနဲ့ ပင်နယ်တီနဲ့ အနိုင်ယူပြီး အသင်းရဲ့သမိုင်းတလျှောက် ဒုတိယမြောက် ယူရိုဖလားကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရသွားခဲ့ပါတယ်။ ဆက်လက်ပြီး ယူရို-၂၀၂ဝ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Twitter

ယူရို-၂၀၂ဝပြိုင်ပွဲကြီးအတွင်းမှာ ပွဲအရေအတွက်ပေါင်း (၅၁)ပွဲ ကျင်းပခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၁၄၂)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်ဒို သွင်းဂိုး (၅) ဂိုး (ချက်တိုက်စစ်မှူး ပက်သရစ်ရှ်ခ်နဲ့ ဂိုးအရေအတွက်ချင်း တူညီနေပေမယ့် ရော်နယ်ဒိုက ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်) နဲ့ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆုကို ဆွတ်ခူးခဲ့ရသလို ယူရိုပြိုင်ပွဲ သမိုင်းတလျှောက် သွင်းဂိုးအများဆုံးစံချိန်နဲ့ နိုင်ငံတကာပွဲစဉ်တွေအတွင်း သွင်းဂိုးအများဆုံး စံချိန်တွေကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရော်နယ်ဒိုရော မက်ဆီပါ ယူရိုနဲ့ကိုပါပွဲတွေမှာ ဂိုးသွင်းအများဆုံးဆုတွေကို အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

Photo Credit : Twitter

ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို အီတလီအသင်းရဲ့ ဂိုးသမား ဒွန်နာရမ်မာ ထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်ခဲ့ရသလို အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ စပိန်လူငယ်ကြယ်ပွင့်လေး ပတ်ဒရီက ပိုင်ဆိုင်ခဲ့ပါတယ်။ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ် တတ်လှမ်းနိုင်ခဲ့ရတဲ့ အင်္ဂလန်အသင်းကတော့ ဗိုလ်လုပွဲကို အိမ်ကွင်း ဝင်လလေမှာ လက်ခံကစားခဲ့ရပြီး ဒုတိယပဲ ရခဲ့ကာ ကံဆိုးခဲ့ရပေမယ့်လည်း ပြိုင်ပွဲရဲ့သမိုင်းတလျှောက် တစ်ခါမှ မရှိဖူးသေးတဲ့ (၅)ပွဲဆက်တိုက် Clean Sheets ကို ရယူနိုင်ခဲ့သလို ပြိုင်ပွဲအတွင်းမှာလည်း ပေးဂိုးက (၂)ဂိုးသာ ရှိခဲ့ရသလို အင်္ဂလန်ဂိုးသမား ဂျော်ဒန်ပစ်ဖိုဒ့်မှာလည်း သွင်းဂိုး(၁)ဂိုး (အချိန်ပိုဂိုးများ မပါဝင်)ပဲ ခွင့်ပြုခဲ့ရတဲ့အထိ လက်စွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit : DW

ယူရို-၂၀၂ဝပြိုင်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်တွေထဲမှာ မပြောမဖြစ် ပြောကိုပြောရမယ့် အချက်ကတော့ og ဂိုးတွေ တအားများပြားခြင်းပါပဲ။ ယခင် ၁၉၇၆ ယူရိုပြိုင်ပွဲကနေပြီး ၂၀၁၆ခုနှစ်အထိ og goals ပမာဏက (၉)ဂိုးသာ ရှိခဲ့ရပေမယ့်လည်း အခု ယူရို-၂၀၂ဝမှာတော့ og goals စုစုပေါင်း (၁၁)ဂိုးအထိတောင် များပြားခဲ့ရပါတယ်။ ဒါ့အပြင် ပိုလန်ဂိုးသမား ရှက်ဇ်နီဟာလည်း ယူရိုပြိုင်ပွဲ သမိုင်းတလျှောက် ပထမဆုံး og goal သွင်းယူခဲ့တဲ့ ဂိုးသမားတစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ရပါသေးတယ်။

နောက်ပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ပြင်သစ် ပေါ်တူဂီ နယ်သာလန်အသင်းတွေဟာလည်း (၁၆)သင်းအဆင့်ကနေပဲ စောစောစီးစီး လှည့်ပြန်ထားခဲ့ရပါသေးတယ်။ ပေါ်တူဂီ ပြင်သစ် ဂျာမနီတို့နဲ့ Group of Death ကျရောက်နေခဲ့ရတဲ့ ဟန်ဂေရီကလည်း လုံးဝမထင်မှတ်ထားလောက်အောင် အသင်းကြီးတွေကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီး ကွင်းအပြည့်အားပေးတဲ့ ပရိသတ်များစွာရဲ့ ရှေ့မှောက်မှာ အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။

Photo Credit : World of Youth News

ယူရို-၂၀၂ဝမှာ အမှတ်တရ အဖြစ်ဆုံးကိစ္စကတော့ ဒိန်းမတ်ကစားသမား အဲရစ်ဆင်ရဲ့ ကွင်းအတွင်း လဲကျခဲ့တဲ့ ကိစ္စရပ်ဖြစ်ပြီး ဒိန်းမတ်အသင်းခေါင်းဆောင် ခီယာရဲ့ သူရဲကောင်းဆန်မှုနဲ့ တစ်ကမ္ဘာလုံး ဘောလုံးအသင်းတွေ ဘောလုံးသမားတွေ နည်းပြတွေ ပရိသတ်တွေရဲ့ ဆုတောင်းပေးမှု စာနာပေးမှု ဖေးမပေးမှုတွေကတော့ ဘောလုံးအားကစားနယ်ပယ်ကို ပိုမိုလှပလာစေ အဓိပ္ပာယ်ရှိလာစေခဲ့ရပါတယ်ခင်ဗျာ။