၂၀၂၀ခုနှစ်ကတော့ မနက်ဖြန်ည ၁၂နာရီ အချိန်မှာပဲ ကျွန်တော်တို့ကို နှုတ်ဆက် သွားတော့မှာပါ။ ၂၀၂၀ ခုနှစ် အတွင်းမှာ တရုတ်နိုင်ငံ ကနေ စတင် မြစ်ဖျားခံ ကူးစက် ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ၂၀၂၀ ခုနှစ် ဟာ ကျွန်တော်တို့ အတွက် ကံဆိုးတဲ့ နှစ်တစ်နှစ်လို့ သတ်မှတ်နိုင်ပေမယ့် ကံကောင်းခြင်းကို ရခဲ့တဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က ၂၀၂၀ ခုနှစ် အတွင်းမှာ အီတလီ စီးရီးအေ ပြိုင်ပွဲရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား ၁၁ယောက်နဲ့ စုဖွဲ့ထားတဲ့ ၂၀၂၀ ခုနှစ် အတွက် အီတလီ စီးရီးအေ ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း အကြောင်းကို တင်ဆက် ပေးသွားချင်ပါတယ်။

Photo Credit: Express

၂၀၂၀ ခုနှစ် အတွက် အီတလီ စီးရီးအေ ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းကတော့ ၄-၂-၁-၃ ဆိုတဲ့ ကစားကွက်ကို အခြေခံကာ ရွေးချယ်ထားတာ ဖြစ်ပြီး ဂိုးသမား နေရာမှာတော့ အီတလီ လက်ရွေးစင် အသင်းနဲ့ အေစီမီလန် အသင်းတို့ရဲ့ အဓိက ဂိုးသမား ဖြစ်သူ ဒွန်နာရမ်မာက ရွေးချယ်ခံခဲ့ ရပါတယ်။ ခံစစ် လေးယောက်တန်းရဲ့ ညာခြမ်း ခံစစ်မှာတော့ အတ္တလန်တာ အသင်းရဲ့ ညာခြမ်းခံစစ် ကစားသမား ဟာတီဘိုး ၊ ဗဟိုခံစစ်နေရာမှာ အင်တာမီလန် အသင်းရဲ့ ခံစစ်မှူး ဒီဗာ့ချ်နဲ့ ဂျူဗင်တပ် အသင်းရဲ့ ခံစစ်မှူး ဒီလစ်နဲ့ ဘယ်ခြမ်းခံစစ် နေရာမှာတော့ အေစီမီလန် အသင်းနဲ့အတူ လက်ရှိ ဘောလုံးရာသီမှာ တောက်ပနေတဲ့ သီယို ဟာနန်ဒက်က ရွေးချယ်ခံခဲ့ ရပါတယ်။

Photo Credit: Express

ကွင်းလယ် အထိုင် ကစားသမားနှစ်ဦး နေရာအတွက် အင်တာမီလန် အသင်းရဲ့ ကွင်းလယ်လူ ဘာရယ်လာ နဲ့ အေစီမီလန် အသင်းရဲ့ ကွင်းလယ်လူ ဘန်နက်ဆာတို့က ရွေးချယ်ခံခဲ့ ရပါတယ်။ ကွင်းလယ် တိုက်စစ် နေရာမှာတော့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အတ္တလန်တာ အသင်းကနေ ထွက်ခွာမယ့် အသင်းခေါင်းဆောင် ဂိုမက်စ်က ရှိနေခဲ့ပါတယ်။ တိုက်စစ်မှူး သုံးဦးရဲ့ နေရာမှာတော့ လက်ရှိ အီတလီ စီးရီးအေ ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသွင်းစက် သုံးဦးက ရွေးချယ်ခံခဲ့ရပြီး သူတို့ကတော့ အေစီမီလန် အသင်းရဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ် ၊ လာဇီယို တိုက်စစ်မှူး အမ်မိုဘိုင်းလီနဲ့ ဂျူဗင်တပ် အသင်းရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုတို့ပဲ ဖြစ်ပါတယ်။ ကဲ ဘယ်လိုလဲ… ပရိသတ်ကြီးကရော ဒီလူစာရင်းကို နှစ်သက်မှု ရှိကြရဲ့လားဗျ…။