ဘောလုံးပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးရရှိလို့ထားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကတော့ ဒီနေ့မှာပဲ ဘောလုံးရာသီတစ်ခုကို နှုတ်ဆက်ရတော့မှာဖြစ်ပါတယ်။ ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ ချန်ပီယံတိုက်ပွဲတွေ တန်းဆင်းဇုန်တိုက်ပွဲ မရှိတော့ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန်(၂)နေရာ ယူရိုပါလိဂ်ဝင်ခွင့် ကွန်းဖရန့်ဝင်ခွင့်တွေအတွက်ကိုတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရဦးမှာဖြစ်လို့ ဘောလုံးပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှုတွေ အပြည့်အဝ ပေးစွမ်းနိုင်ဦးမှာ သေချာနေပါတယ်။

Photo Credit : Youtube

ဒီရာသီမှာ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး သူရဲ့မြို့ခံအသင်း မန်ချက်စတာယူနိုက်တက်က အဆင့်(၂)နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူထားနိုင်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ထပ်(၂)နေရာကို တတိယနေရာက ချယ်လ်ဆီး စတုတ္ထနေရာက လီဗာပူးလ်နဲ့ ပဥ္စမနေရာက လက်စတာတို့က တိုက်ပွဲဝင်သွားရမှာဖြစ်ပါတယ်။ ဒီအသင်း(၃)သင်းထဲမှာ ဘောလုံးရာသီနှောင်းပိုင်းမှ ခြေချော်မှုတွေ ဖြစ်ခဲ့ရတဲ့ လက်စတာက စပါးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပွဲအကျပ်ဆုံး ဖြစ်နေသလို စပါးကို အနိုင်ယူခဲ့နိုင်ရင်တောင်မှ သူရဲ့အထက် ချယ်လ်ဆီး ဒါမှမဟုတ် လီဗာပူးလ်တစ်သင်းသင်းက ခြေချော်ဖို့လည်း လိုအပ်ဦးမှာဖြစ်ပါတယ်။

Photo Credit Nigfooty Sports

နည်းပြတူဟယ်လ်လက်အောက်မှာ ရလဒ်တွေကောင်းလာခဲ့တဲ့ ချယ်လ်ဆီးနဲ့ နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲတွေဆက်လာခဲ့ရတဲ့ လီဗာပူးလ်တို့ကတော့ နောက်ဆုံးပွဲတွေမှာ နိုင်ပွဲတွေ ရယူနိုင်ခဲ့တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေကို အသီးသီးပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာကို ဗီလာပတ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့် ချယ်လ်ဆီးအသင်းကတော့ ရလဒ်ကောင်း ရယူနိုင်ဖို့ အနည်းငယ်ရုန်းကန်ရနိုင်ပါတယ်။ ဒီအသင်း(၃)သင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆက်စပ်ပြီး ယူရိုပါလိဂ်ဝင်ခွင့်အကြောင်းကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီး လီဗာပူးလ် လက်စတာထဲက တစ်သင်းသင်းဟာ အဆင့်(၅)နေရာနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ရောက်ရှိသွားဖို့ ရှိနေသလို ရမှတ်(၆၂)မှတ် ရယူထားတဲ့ ဝက်စ်ဟမ်းကလည်း အဆင့်(၆)နေရာနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ခွင့်ရသွားနိုင်ပါတယ်။ စပါး အဲဗာတန် အာဆင်နယ်အသင်းတွေကတော့ အဆင့်(၇)နေရာနဲ့ ကွန်းဖရန့်ပြိုင်ပွဲအသစ်ဆီကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲတွေအပြင် ချန်ပီယံမန်စီးတီးရဲ့ အဂွဲရိုးနှုတ်ဆက်ပွဲ ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဝေးကွင်းရှုံးပွဲမရှိထားတဲ့ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံးအစမ်းသပ်ခံမယ့်ပွဲနဲ့ ဟာရီကိန်း မိုဟာမက်ဆာလာတို့ရဲ့ ဂိုးသွင်းဘုရင်ဆုအတွက် တိုက်ပွဲတွေကလည်း တကယ့်ကို စိတ်ဝင်စားစရာကောင်းနေမှာ သေချာနေပါတယ်။