၂၀၂၀-၂၀၂၁ ဘောလုံးရာသီကိုတော့ ဒီရက်ပိုင်းအတွင်းမှာပဲ အဆုံးသတ်သွားတော့မှာဖြစ်ပြီး ဒီနေ့မှာတော့ စပိန်လာလီဂါနဲ့ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲတွေရဲ့ ပွဲစဉ်များစွာကို ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲ(၂)ခုထဲကမှ ဘောလုံးပရိသတ်တွေအတွက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းသွားနိုင်မယ့် စပိန်လာလီဂါပြိုင်ပွဲရဲ့ ရာသီပိတ်ပွဲစဉ်တွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : The New York Time

လာလီဂါပြိုင်ပွဲရဲ့ ရာသီပိတ်ပွဲစဉ်တွေထဲမှာတော့ ဗယ်လာဒိုးလစ်နဲ့ အသက်လက်တီကိုမက်ဒရစ်ပွဲစဉ် ရီးယဲလ်မက်ဒရစ်နဲ့ ဗီလာရီးယဲလ်တို့ရဲ့ပွဲစဉ်တွေကတော့ ပရိသတ်တွေအတွက် အထူးရင်ခုန်စရာ ပွဲ(၂)ပွဲ ဖြစ်လို့နေမှာပါ။ ပွဲစဉ်(၃၇)အပြီးမှာ အသက်လက်တီကိုအသင်းက ဒုတိယနေရာက ရီးယဲလ်အသင်းကို (၂)မှတ်အသာနဲ့ အမှတ်ပေးဇယားမှာ ဦးဆောင်ထားတာဖြစ်လို့ အသက်လက်တီကိုအသင်းက လာလီဂါချန်ပီယံဖြစ်ဖို့ ပိုနီးစပ်နေတယ် ဆိုနိုင်ပေမယ့် သူတို့ရင်ဆိုင်ရမယ့်အသင်းက တန်းမဆင်းဖို့ ရေကုန်ရေပန်း ကြိုးပမ်းရမယ့် ဗယ်လာဒိုးလစ်အသင်း ဖြစ်နေတာကိုတော့ သတိထားရမှာဖြစ်ပါတယ်။

Photo Credit : Explica

အသက်လက်တီကိုရဲ့ ခြေချော်မှုကိုပါ လိုအပ်နေတဲ့ ရီးယဲလ်အသင်းကတော့ လာလီဂါရဲ့ အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဗီလာရီးယဲလ်နဲ့ ရင်ဆိုင်ရမှာဆိုပေမယ့် ဗီလာရီးယဲလ်က ဒီပွဲပြီးတာနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ဆင်နွဲရဦးမှာဖြစ်လို့ ကစားအားကို ချွေတာလာနိုင်ပါတယ်။ တကယ်လို့ ရီးယဲလ်က ဗီလာရီးယဲလ်ကို အနိုင်ယူခဲ့ပြီး အသက်လက်တီကိုက ဗယ်လာဒိုးလစ်ကို သရေကျခဲ့မယ်ဆိုရင် မက်ဒရစ်မြို့ခံ(၂)သင်းက အမှတ်တူသွားတာဖြစ်ပေမယ့် Head-to-Head ရလဒ်အရ ရီးယဲလ်က အသာရနေတာဖြစ်လို့ ချန်ပီယံဆုကို ရီးယဲလ်သိမ်းပိုက်သွားနိုင်မှာဖြစ်ပါတယ်။ ဒီလို ချန်ပီယံဆု တိုက်ပွဲအပြင် ချန်ပီယံပြေးလမ်းကနေ ထွက်ခွာခဲ့ရတဲ့ ဘာစီလိုနာအသင်းကလည်း ရာသီပိတ် နောက်ဆုံးပွဲမှာ အီဘာကို မရှံးနိမ့်အောင် ကစားဖို့လိုနေပြီး တကယ်လို့ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ဆီဗီလာကပါ ဘာစီလိုနာနဲ့ အဆင့်(၃)နေရာကိုပါ သိမ်းပိုက်သွားနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ လာလီဂါကနေ တန်းဆင်းသွားခဲ့ရတဲ့ အသင်းက တစ်သင်းမှာကို ထွက်ပေါ်ထားခြင်းမရှိသေးတာကြောင့် ရာသီပိတ်ပွဲစဉ်မှာပဲ တန်းဆင်းရမယ့် အသင်း(၃)သင်းအတွက် အဖြေထွက်လာမှာဖြစ်ပါတယ်။ တန်းဆင်းဇုန်အတွက် ဟွယ်ဆကာ အယ်ချီ ဗယ်လာဒိုးလစ်နဲ့ အီဘာအသင်းတွေက အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ ၂၀၂၀-၂၀၂၁ လာလီဂါ ရာသီအပိတ်ပွဲက တကယ့်ကို စိတ်လှုပ်ရှားစရာဖြစ်နေမှာ သေချာနေပါတယ်။