MySport Myanmar

ယူနိုက်တက်ကြယ်ပွင့် မာရှယ်ကို ခေါ်ယူရန် ကြိုးစားနေတဲ့ ဆော်ဒီအသင်း ၂သင်း

ဆော်ဒီ စူပါလိဂ်ရဲ့ ပြိုင်ပွဲဝင် အသင်းတွေ ဖြစ်ကြတဲ့ အယ် ရှဘက်နဲ့ အယ် တာဝွန်တို့က ပရီးမီးယားလိဂ် ထိပ်သီးအသင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ အန်သိုနီ မာရှယ်ကို ခေါ်ယူရန် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်က ခြေစွမ်းခြေစ ရှိတဲ့ နာမည်ကြီး တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ပိုင်း အားနည်းချက်တွေကြောင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး အဆင့်ကို မရောက်သေးတဲ့ တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အယ် ရှဘက်နဲ့ အယ် တာဝွန်တို့က ဆော်ဒီကစားသမား အများစုနဲ့ တည်ဆောက်ထားကြတဲ့ အသင်းတွေ ဖြစ်ပေမယ့် ဒီနွေဈေးကွက်ထဲမှာ အယ် အာလီ ၊ အယ် နက်ဆာ ၊ အယ် အီတီဟတ် ၊ အယ် ဟီလယ် ၊ အယ် အတ်တီဖတ် စတဲ့ ပြိုင်ဘက်တွေက ဥရောပရဲ့ နာမည်ကျော် ကစားသမား အများအပြားကို ခေါ်ယူနေကြတာကြောင့် သူတို့ကပါ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်လာတာပဲ ဖြစ်ပါတယ်။

အယ် ရှဘက်နဲ့ အယ် တာဝွန်တို့က အရည်အချင်းရှိသလို ပြောင်းရွှေ့ကြေးလည်း သက်သာမယ့် နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်ထားကြတာ ဖြစ်ပြီး နှစ်သင်းစလုံးရဲ့ နံပါတ်တစ်ပစ်မှတ်က မန်ချက်စတာ ယူနိုက်တက်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ အန်သိုနီ မာရှယ်ပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး အာရပ်သတင်းဌာန တခု ဖြစ်တဲ့ အိုကတ်ဇ်ရဲ့ ဖော်ပြချက်အရ အယ် ရှဘက်နဲ့ အယ် တာဝွန်တို့ရဲ့ တာဝန်ရှိသူတွေက မာရှယ်ရဲ့ အေးဂျင့်တွေထံ ဆက်သွယ်ကာ မာရှယ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မာရှယ်ကလည်း မက်မောစရာ လစာပမာဏမျိုး ရရင် ဆော်ဒီမြေဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ အန်သိုနီ မာရှယ်ကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းချဖို့ လမ်းဖွင့်ထားပေမယ့် ဈေးပေါပေါနဲ့ ရောင်းထုတ်မှာ မဟုတ်ပဲ မာရှယ်အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိပါတယ်။

Exit mobile version