MySport Myanmar

ချယ်လ်ဆီးနဲ့ပွဲကို ပွဲပယ်ပြစ်ဒဏ်နဲ့ လွဲချော်ရနိုင်ဖွယ် ရှိနေတဲ့ မန်ယူကစားသမား(၂)ဦး

ဒီတစ်ပတ် ကြားရက်မှာ ဥရောပချန်ပီယံလိဂ် ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ကျင်းပသွားခြင်းမရှိပဲ အမှတ်ပေးပွဲတွေကိုသာ ဆက်လက် ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ ဒီလို ကြားရက်ထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် ပွဲကျပ်တစ်ပွဲအဖြစ် တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေရပြီး ဒီပွဲစဉ်မှာ ယူနိုက်တက်အတွက် ပွဲထွက်ကစားလာမယ့် ကစားသမားထဲက ဘရူနိုဖာနန်ဒက်စ်နဲ့ ဒါလော့တို့ အဝါကတ်တွေ မပြသခံရအောင် သတိထားကစားဖို့ လိုအပ်နေပါတယ်။

Photo Credit : UK Daily News

ပေါ်တူဂီကစားသမားတွေဖြစ်ကြတဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်နဲ့ ညာနောက်ခံလူ ဒါလော့တို့ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်း အဝါကတ်(၄)ကြိမ်စီ ပြသထားခံရပြီဖြစ်လို့ စပါးနဲ့ပွဲမှာသာ နှစ်ဦးထဲက တစ်ဦးဦး ဒါမှမဟုတ် နှစ်ဦးစလုံးသာ အဝါကတ်တစ်ကြိမ်စီ ထပ်မံ ပြသခံရမယ်ဆိုရင် အဝါကတ်(၅)ကြိမ် ပြသခံရရင် တစ်ပွဲပယ်တဲ့ စည်းမျဉ်းကြောင့် ချယ်လ်ဆီးနဲ့ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက်လုံးဟာ ယူနိုက်တက်အသင်းရဲ့ undroppables players တွေ ဖြစ်နေတာကြောင့် စပါးနဲ့ပွဲကို သေချာပေါက် ပါဝင်ကစားဖို့ ရှိနေတဲ့အတွက် ကစားသမားနှစ်ဦးလုံးအနေနဲ့ သူတို့ရဲ့ ကစားပုံကို သတိထားဖို့ လိုအပ်နေပါတယ်။

Photo Credit : Manchester Evening News

တကယ်လို့ ဖာနန်ဒက်စ်ထက် ဒါလော့သာ စပါးနဲ့ပွဲမှာ အဝါကတ်ပြသခံရမယ်ဆိုရင်တော့ ယူနိုက်တက်အတွက် ပိုခေါင်းခဲသွားစေနိုင်ပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းရဲ့ညာခြမ်းခံစစ်နေရာအတွက် ဒါလော့နဲ့ ဝမ်ဘစ်ဆာခါ နှစ်ဦးထဲမှာ ဒါလော့ကိုသာ ပွဲတိုင်းနီးပါး အသုံးပြုနေတာဖြစ်ပြီး ဘစ်ဆာခါကိုတော့ အသင်းကနေ ရောင်းထုတ်ဖို့အထိပါ ဆန္ဒရှိနေတာဖြစ်လို့ ဒါလော့သာ ပွဲပယ်ဒဏ်ထိမယ်ဆိုရင် တန်ဟက်ဂ်အတွက် ခေါင်းခဲနိုင်ပါတယ်။ နောက်ပြီး ဖာနန်ဒက်စ်ကလည်း ယူနိုက်တက်ရဲ့ အရေးပါဆုံးသော ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် မက်ဂွိုင်းရား ဒဏ်ရာရနေချိန် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရသူ ဖြစ်နေတာကြောင့် ဒီလို ကစားသမားတစ်ဦးက ချယ်လ်ဆီးလို အရေးကြီးတဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရချိန်မှာ မဖြစ်မနေ ပါဝင်ရသင့်ပါတယ်။

Exit mobile version