တိုက်စစ်မှူးတွေ ဒဏ်ရာပြသာနာများနဲ့ ရင်ဆိုင်နေရလို့ တိုက်စစ်မှူးတစ်ဦးကို အပူတပြင်း လိုအပ်လျက်ရှိနေတဲ့ ဘာစီလိုနာအသင်းဆီ လီဟာနက်စ်အသင်းကနေ မကြာသေးခင်ကမှ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ်တိုက်စစ်မှူး မာတင်ဘရေ့ဝိတ်ဟာ မနေ့ညက ကစားသွားခဲ့တဲဲ့ အီဘာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ဒုတိယပိုင်းပွဲကစားချိန်အတွင်း ဝင်ရောက်ကစားခွင့်ရရှိခဲ့ကာ အချိန်တိုလေးအတွင်း အသင်းသစ်မှာ အထိုင်ကျအောင် ကစားနိုင်ပြီး စတုတ္ထဂိုးနဲ့ ပဥ္စမဂိုးတွေမှာလည်း ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။

Photo Credit : FC Barcelona

ဒီနှစ်ဘောလုံးရာသီကမှ စပိန်လာလီဂါပြိုင်ပွဲကို ချန်ပီယံရှစ်ကလပ် မစ်သယ်ဘရော့အသင်းကနေ ရောက်ရှိခဲ့တာဖြစ်ပြီးတော့ လီဟာနက်စ်အသင်းမှာ တစ်ရာသီတောင် မကစားရသေးခင်မှာပဲ အခုလို ဘာစီလိုနာအသင်းနဲဲ့ ပူးပေါင်းခွင့်ရခဲ့တာဖြစ်ပါတယ်။ သူ့လို Low Profile သာရှိတဲ့ တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူခဲ့လို့ ဘာစီလိုနာအသင်းကို ပရိသတ်တွေများစွာက ဝေဖန်ခဲ့ပေမယ့်လည်း ဘရေ့ဝိတ်ကတော့ အီဘာနဲ့ပွဲမှာ အရန်ခုံကနေထလာပြီး ဘာစီလိုနာအတွက် သူရဲ့ပွဲဦးထွက် ကစားခွင့်ရခဲ့ကာ အသင်းအတွက် ပွဲသိမ်းသွင်းဂိုးမှာလည်း ပါဝင်ပတ်သတ်ခဲ့ပါတယ်။

Photo Credit : Football Espana

အခုလို ပွဲဦးထွက်မှာ ပရိသတ်တွေ စိတ်ကျေနပ်အောင် ကစားပြနိုင်ခဲ့တဲဲ့ ဘရေ့ဝိတ်က “ကျွန်တော်ကတော့ မက်ဆီကျွန်တော့်ကို ပွေ့ဖက်ပြီးတဲ့နောက် သူပွေ့ဖက်တာမှုကို ထိတွေ့ခံထားရတဲ့ ကျွန်တော့်ဂျာစီကို မလျှော်ရက်တော့ဘူး။ မက်ဆီသွင်းဂိုးရအောင် ကျွန်တော်ကူညီပေးနိုင်ခဲ့တာကို အရမ်းဝမ်းမြောက်ဝမ်းသာနေမိပါတယ်။ ပွဲဦးထွက်မှာ သွင်းဂိုးမရခဲ့တဲ့အပေါ်မှာတော့ တစ်မျိုးဖြစ်ခဲ့ရတယ်ဆိုပေမယ့် အီဘာဂိုးသမားကလည်း အရမ်းကောင်းခဲ့တာကို။ ကျွန်တော်အတွက်ကတော့ ဒီပွဲက အရမ်းထူးခြားပြောင်မြောက်လှတဲ့ ပွဲဦးထွက်ဖြစ်ခဲ့ပါတယ်။ အိမ်မက်တစ်ခုက လက်တွေ့ဖြစ်လာခဲ့တယ်။ သွေးပူလေ့ကျင့်ခန်းဆင်းနေတုန်း နည်းပြက လူစားဝင်ကစားရတော့မယ်ဆိုပြီး လှမ်းခေါ်လိုက်ချိန်မှာ ကျွန်တော့်စိတ်တွေ အရမ်းလှုပ်ရှားခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ကြိုဆိုအားပေးမှုတွေက အားအင်ဖြစ်စေခဲ့ရပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။