နာမည်ကျော် ဘောလုံးသမားဟောင်းတစ်ဦးလည်းဖြစ် လက်ရှိမှာ အမေရိကန် မေဂျာလိဂ် ဘောလုံးအသင်း တစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ သားအလတ် ရိုမီရိုဘက်ခမ်းဟာ ကမ္ဘာကျော် အမှတ်တံဆိပ်ကြီးတစ်ခုဖြစ်တဲ့ Puma နဲ့ စပွန်ဆာစာချုပ်ချုပ်ဆို လိုက်တာကြောင့် အခုဆိုရင် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့ရပြီး သူရဲ့ညီအစ်ကိုမောင်နှမတွေကြားထဲမှာလည်း အကြွယ်ဝဆုံးသူ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : UK On 24 News

လက်ရှိမှာ အသက်(၁၉)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ရိုမရိုဘက်ခမ်းဟာ ဖခင်ဒေးဗစ်ဘက်ခမ်းရဲ့ ခြေရာကို နင်းနိုင်ဖို့ ကြိုးပမ်းနေသူဖြစ်ပြီး အာဆင်နယ် လူငယ်အသင်းနဲ့ သူရဲ့ဘောလုံးသမားဘဝကို စတင်ခဲ့ပေမယ့်လည်း အသက်အရမ်း ငယ်ရွှယ်နေသေးတဲ့ ရိုမီရိုဟာ ဘောလုံးအပြင် တင်းနစ်အားကစားဖက်ကိုပါ စိတ်ပါဝင်စားနေတာကြောင့် ဘောလုံးနဲ့တင်းနစ်တို့ကြား ရွေးချယ်ရခက်တဲ့ အနေအထားထိ ရောက်ရှိခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘောလုံးဆက် ကစားဖို့ကိုသာ ဆုံးဖြတ်ချက်ချခဲ့တဲ့ ရိုမီယိုဟာ လက်ရှိမှာ အမေရိကန် ဘောလုံး ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဖိုဒ့်လာဒါဒယ်လ်အက်စ်စီအသင်းမှာ တိုက်စစ်ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားနေပါတယ်။

Photo Credit : The Sun

ဒေးဗစ်ဘက်ခမ်းပိုင် အင်တာမိုင်ယာမီအသင်းရဲ့ အရန်အသင်းဖြစ်တဲ့ ဖိုဒ့်လာဒါဒယ်လ်အက်စ်စီမှာ ပါဝင်ကစားနေတဲ့ ရိုမီရိုဟာ Puma ကုမ္မဏီကြီးနဲ့ ပေါင်(၁.၂)သန်း တန်ကြေးရှိ စပွန်ဆာစာချုပ်ကို ချုပ်ဆိုဖြစ်ခဲ့တာကြောင့် ရိုမီယိုအနေနဲ့ Puma ကနေ ထုတ်လုပ်လာခဲ့တဲ့ ဘောလုံးကန်ဖိနပ်တွေကို ဝတ်ဆင်ပေးသွားရတော့မှာ ဖြစ်သလို သန်းကြွယ်သူဌေးလေး တစ်ဦးပါ ဖြစ်လာပါတော့မယ်။ Puma ဘက်ကလည်း ရိုမီရိုလို ငယ်ရွှယ်ပြီး အရည်အသွေး ပြည့်ဝလှတဲ့ လူငယ်ဘောလုံးသမားတစ်ယောက်နဲ့ အခုလို လက်တွဲလိုက်ရတဲ့အတွက် အလွန်ကို ဝမ်းမြောက်မိကြောင်းနဲ့ သူရဲ့ဖခင် ဒေးဗစ်က adidas နဲ့ နှစ်ပေါင်း(၂၀)ကျော်အထိ လက်တွဲနိုင်ခဲ့သလို ရိုမီရိုလည်း Puma နဲ့ နှစ်ပေါင်းများစွာ လက်တွဲသွားလိုတယ်လို့ Puma ရဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ဖော်ပြောဆိုလာခဲ့ပါတယ်။