မနေ့ညက ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ အီဘာအသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင် ဘာစီလိုနာအသင်းဟာ ကတ်တလန်တာဒေသရဲ့ ဧည့်ဝတ် ကျေပွန်မှုကို ပြသခဲ့ပြီး နူးကမ့်မှာ ဧည်သည့် အသင်းကို ငါးဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီကတော့ အဆိုပါသွင်းဂိုး ငါးဂိုးမှာ လေးဂိုးအထိ သွင်းယူပေးခဲ့ပြီး လေးပွဲဆက် သွင်းဂိုးတေ​​ွ ပျောက်ဆုံးနေမှုကို ချေဖျက် ပြခဲ့သလို အထူးအနေအထားတစ်ရပ်နဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် ဘရိတ်ဝိတ်ဟာလည်း အသင်းသစ်နဲ့ ပွဲဦးထွက်မှာ ခြေစွမ်းကောင်း တစ်ခုကို ထုတ်ပြနိုင်ခဲ့ပါတယ်။

 

Photo Credit: Marca.com

လာလီဂါချန်ပီယံဆုအတွက် အမှားခံလို့ မရတဲ့ အချိန်ကို ရောက်ရှိနေတာကြောင့် ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ အီဘာအသင်းကို ပွဲစတင်ကတည်းက ဖိအားပေးတိုက်စစ်ဆင် ကစားခဲ့ပြီး မက်ဆီရဲ့ ထူးရှယ်ခြေစွမ်းကောင်းတွေကြောင့် ပထမပိုင်းအပြီးမှာကတည်းက သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ ပွဲကို အနည်းငယ်ထိန်းကာ ကစားသွားခဲ့ပေမယ့် နောက်ထပ် သွင်းဂိုးနှစ်ဂိုး ထပ်မံရရှိခဲ့ကာ ပွဲအပြီးမှာ ငါးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ကာ ဘာစီလိုနာအတွက် ပထမသွင်းဂိုး လေးဂိုးစလုံးကို မက်ဆီတစ်ဦးတည်းက သွင်းယူပေးခဲ့ပြီး ပွဲသိမ်းဂိုးကိုတော့ ကွင်းလယ်လူ အာသာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Marca.com

အဆိုပါပွဲမှာတော့ ပြီးခဲ့တဲ့ကြားရက်မှာ ဒမ်ဘီလီရဲ့ ကာလရှည်ဒဏ်ရာပြဿနာကြောင့် လီဂါနက်စ်အသင်းကနေ ယူရို၁၈သန်းနဲ့ အရေးပေါ် ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် ဘရိတ်ဝိတ်ဟာ ပွဲကစားချိန် ၇၂မိနစ်မှာ အရန်ခုံကနေထပြီး အသင်းသစ်အတွက် ပွဲဦးထွက်ကို ကစားခွင့် ရရှိခဲ့ကာ ခြေစွမ်းကောင်းတစ်ခုကို ထုတ်ပြသွားခဲ့ပြီး မက်ဆီရဲ့ စတုတ္ထမြောက်သွင်းဂိုးနဲ့ အာသာရဲ့ ပွဲသိမ်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေဟာ ဘရိတ်ဝိတ်ရဲ့ ခြေစွမ်းကို သဘောကျနေကြပြီး အသင်းအတွက် အားကိုးရမယ့်သူ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။