MySport Myanmar

ပေါင်(၁၀)သန်းတန် Amazon သဘောတူညီချက်ကို အာမိုရင်ရဲ့ ကန့်ကွက်မှုကြောင့် လက်လွှတ်ခဲ့

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ Amazon Prime နဲ့ စံချိန်တင် ပေါင်(၁၀)သန်းတန် မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေး သဘောတူညီချက်ကို အသင်းနည်းပြ ရူဘင် အာမိုရင်ရဲ့ ကန့်ကွက်မှုကြောင့် လက်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ လပေါင်းများစွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ငွေကြေးအရ လိုအပ်ချက်တွေ ရှိနေပေမယ့်လည်း အသင်းရဲ့ အရေးကြီးတဲ့ ပြန်လည်တည်ဆောက်ရေးကာလမှာ ဒီလိုမျိုး နောက်ကွယ်ကနေ အသေးစိတ် ရိုက်ကူးနေမှုတွေက အသင်းအတွက် မလိုလားအပ်တဲ့ အာရုံထွေပြားမှုတွေ ဖြစ်စေနိုင်တယ်လို့ ဆုံးဖြတ်ပြီး ဒီသဘောတူညီချက်ကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ နာမည်ကျော် ‘All or Nothing’ စတိုင် မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ Amazon နဲ့ လပေါင်းများစွာ ဆွေးနွေးခဲ့တာပါ။ ဒီကမ်းလှမ်းမှုဟာ ပေါင်(၁၀)သန်းကျော် တန်ဖိုးရှိပြီး ဘောလုံးကလပ်တစ်ခုနဲ့ Amazon တို့ရဲ့ အကြီးမားဆုံး သဘောတူညီချက် ဖြစ်လာမှာပါ။ သဘောတူညီချက်အရ ၂၀၂၅-၂၆ ရာသီအတွင်း အသင်းရဲ့ နောက်ကွယ်က အဖြစ်အပျက်အားလုံးကို အသေးစိတ် ရိုက်ကူးခွင့်ပေးရမှာ ဖြစ်ပါတယ်။

Photo Credit : Youtube

ဒါပေမဲ့ အသင်းရဲ့နည်းပြဖြစ်သူ ရူဘင် အာမိုရင်က ဒီအစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ သူက “အသင်းဟာ အရေးကြီးတဲ့ အပြောင်းအလဲကာလကို ဖြတ်သန်းနေရချိန်မှာ ဒီလို ရိုက်ကူးရေးတွေက ကစားသမားတွေရဲ့ အာရုံစူးစိုက်မှုကို ပျက်ပြားစေနိုင်တယ်။” လို့ စိုးရိမ်ကြောင်း တင်ပြခဲ့ပါတယ်။ သူ့ရဲ့ ဒီတင်ပြချက်ကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ အမှုဆောင်ကော်မတီက ဒီကမ်းလှမ်းမှုကို တညီတညွတ်တည်း ပယ်ချဖို့ ဆုံးဖြတ်ခဲ့တာပါ။

လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့် မရရှိထားတာနဲ့ ငွေကြေးအခက်အခဲတွေ ရှိနေပေမဲ့လည်း ယူနိုက်တက်ဘုတ်အဖွဲ့ဟာ ဘောလုံးပိုင်းဆိုင်ရာ အကြောင်းပြချက်ကို ရှေ့တန်းတင်ပြီး နည်းပြဖြစ်သူရဲ့ သဘောထားအတိုင်း ရပ်တည်ပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အသင်းကို သူ့စိတ်ကြိုက် ပြန်လည်ပုံဖော်ဖို့ ကြိုးစားနေတဲ့ အာမိုရင်ရဲ့ သြဇာအာဏာ အိုးထရက်ဖို့ဒ်မှာ ဘယ်လောက်အထိ ကြီးမားလာပြီလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

Photo Credit : Daily Mail

အစပိုင်းမှာတော့ INEOS အဖွဲ့နဲ့ CEO အိုမာ ဘာရာဒါ အပါအဝင် ယူနိုက်တက်ရဲ့ စီးပွားရေးဌာနက ဒီကမ်းလှမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ နည်းပြအာမိုရင်အပြင် ကစားသမားတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း မသေချာမရေရာ ဖြစ်နေတာကြောင့် ဘုတ်အဖွဲ့ဟာ နည်းပြရဲ့ ရပ်တည်ချက်ကို လေးစားပြီး ဒီနွေရာသီအစောပိုင်းမှာပဲ ဆွေးနွေးမှုတွေကို အပြီးတိုင် ရပ်ဆိုင်းခဲ့ပါတယ်။

အခုအခါမှာတော့ ယူနိုက်တက်ဟာ စပွန်ဆာတွေ ထွက်ခွာသွားမှုနဲ့ အကြွေးပမာဏ များပြားမှုတွေကြောင့် ဝင်ငွေတိုးမြှင့်နိုင်ဖို့ တခြားစီးပွားရေးလမ်းကြောင်းတွေကို ရှာဖွေသွားရမှာ ဖြစ်ပါတယ်။ နည်းပြအာမိုရင်ကတော့ အသင်းရဲ့ အားကစားဆိုင်ရာ ပြန်လည်တည်ဆောက်ရေးကို ဆက်လက်ဦးဆောင်နေပြီး ကစားသမားသစ် ခေါ်ယူမှုတွေကိုလည်း သူ့ရဲ့ နည်းစနစ်နဲ့ ကိုက်ညီအောင် အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Exit mobile version