အခုရက်သတ္တပတ်မှာက ချန်ပီယံလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ကျင်းပနေပြီဖြစ်လို့ အခုတစ်ခါမှာတော့ ကျွန်တော်တို့ရဲ့ MySport Myanmar ပရိသတ်ကြီးတွေအတွက် ချန်ပီယံလိဂ်နဲ့ပတ်သက်ပြီး ဗဟုသုတရစရာ အကြောင်းအရာတွေထဲကမှ ကစားသမားဘဝတလျှောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို လုံးဝမကိုင်မြှောက်နိုင်ဖူးတဲ့ နာမည်ကျော်ဘောလုံးသမားကြီးတွေအကြောင်း ပထမပိုင်းအဖြစ် ဖော်ပြပေးသွားချင်ပါတယ်။ ပထမဆုံးဖော်ပြချင်တဲ့ ကစားသမားထဲကမှ (၅)ယောက်ကတော့…

Photo Credit : Sportskeeda

လော့ရန်ဘလန့်စ်

၁၉၉၈ ကမ္ဘာ့ဖလားဆုနဲ့ ၂၀၀၀ ယူရိုဖလားတွေကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဒီပြင်သစ်နောက်ခံလူဟောင်းကြီး ဘလန့်စ်က သူရဲ့အနှစ်နှစ်ဆယ်ကျော်ကြာ ဘောလုံးသမားဘဝ သက်တမ်းတလျှောက်လုံး ဘာစီလိုနာ နာပိုလီ အင်တာမီလန် မန်ချက်စတာယူနိုက်တက်တို့လို ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ရပေမယ့် ချန်ပီယံလိဂ်မှာတော့ ကံမစပ်ခဲ့ပဲ ယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိပဲ အမြင့်ဆုံးအနေနဲ့ ရောက်ရှိခဲ့ရပါတယ်။

Photo Credit : Sportskeeda

နစ္စတယ်ရွိုင်း

မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းမျိုးတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်းကြီး ရုဒ်ဗန်နစ္စတယ်ရွိုင်းကတော့ သူ့ခေတ်သူ့အခါတုန်းက အရမ်းကို ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးလို့ သတ်မှတ်ခံထားရတာဖြစ်ပေမယ့် ဘလန့်စ်လိုပဲ ချန်ပီယံလိဂ်ဆုဖလားနဲ့ လုံးဝကံမစပ်ခဲ့ပဲ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆီမီးဖိုင်နယ်အထိပဲ တတ်လှမ်းနိုင်ခဲ့ပြီး ရီးရဲလ်အသင်းကို ရောက်ရှိလာချိန်မှာလည်း ရှံးထွက်အဆင့်ပဲ ရောက်ရှိခဲ့ရပါတယ်။

Photo Credit : Sportskeeda

နက်ဗက်

ဂျုဗင်တပ်စ်နဲ့ ချက်အသင်းတို့ရဲ့ ဂန္တဝင်ကစားသမားကြီး ပေဗယ်နက်ဗက်ကတော့ ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ အကောင်းဆုံးစွမ်းရည်တွေ ဖော်ဆောင်ပေးနိုင်ခဲ့လို့ ဘလွန်းဒီအောဆုကို ပိုင်ဆိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဖိုင်နယ်ထိ ရောက်ရှိခဲ့ပေမယ့် ပွဲပယ်ပြစ်ဒဏ်ကြောင့် အဲ့ဒီဖိုင်နယ်ပွဲကို လွဲချော်ခဲ့သလို သူရဲ့ဂျုဗင်တပ်စ်အသင်းကလည်း တစ်နိုင်ငံတည်းအသင်း အေစီမီလန်ကို အချိန်ပိုပင်နယ်တီမှာ အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Sportskeeda

ဘူဖွန်

ဘောလုံးလောကအတွင်းမှာ အကောင်းဆုံးဂိုးသမားတွေထဲ ဘူဖွန်က ထိပ်ဆုံးနေရာကနေကို ပါဝင်နေပါတယ်။ လက်ရှိအချိန်ထိလည်း ကစားသမားဘဝကနေ အဆုံးသတ်သေးခြင်းမရှိပဲ အီတလီအသင်းနဲ့အတူ ၂၀၀၆ကမ္ဘာ့ဖလားဆု ဂျုဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေအမှတ်ပေးဆုဖလား ၁၁ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့တဲ့ ဝါရင့်ဂိုးသမားကြီးဘူဖွန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို နှစ်တိုင်းလိုလို ဝင်ရောက်ဆင်နွဲခဲ့ရပြီး ဖိုင်နယ်ကိုလည်း ၃ကြိမ် တတ်ရောက်နိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ၃ကြိမ်လုံး အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Sportskeeda

ဘောလက်

ဘိုင်ယန်မြူးနစ်အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့သလို ချယ်လ်ဆီးတို့ ပရီးမီးယားလိဂ်မှာ စတင်လွှမ်းမိုးချိန်မှာလည်း ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းခဲ့ဖူးတဲ့ ဂျာမနီကွင်းလယ်ကစားသမားကြီး မိုက်ကယ်ဘောလက်ဟာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို မတူညီတဲ့ အသင်း၄သင်းနဲ့ ဝင်ရောက်ဆင်နွဲခဲ့ပြီး လေဗာကူဆင်အသင်းသားအဖြစ် ၂၀၀၂ခုနှစ်မှာတစ်ကြိမ် ချယ်လ်ဆီးအသင်းနဲ့ ၂၀၀၈ခုနှစ်မှာတစ်ကြိမ် ချန်ပီယံလိဂ်ဖိုင်နယ်ဆီ တတ်လှမ်းခဲ့ပေမယ့် အဲ့ဒီ၂ကြိမ်လုံးမှာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။