ပြီးခဲ့တဲ့တစ်ရက်တုန်းက ကျွန်တော်ဖော်ပြခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မကိုင်မြှောက်ဖူးခဲ့တဲ့ နာမည်ကျော် ကစားသမားကြီးတွေရဲ့အကြောင်း ဒုတိယပိုင်းကို ဆက်လက်တင်ဆက်ပေးသွားချင်ပါတယ်။ ပထမပိုင်းမှာတော့ ဘောလက် ဘူဖွန် နက်ဗက် ဘလန့်နဲ့ နစ္စတယ်ရွိုင်းတို့အကြောင်းတွေကို ဖော်ပြခဲ့ပြီးတော့ အခုဒုတိယပိုင်းမှာလည်း ချန်ပီယံလိဂ်ဖလားကြီးနဲ့ ကံမဆပ်ခဲ့တဲ့ ထိပ်သီးကစားသမားတွေအကြောင်းကို ဆက်လက်ဖော်ပြပါမယ်ခင်ဗျာ။

Photo Credit : Sportskeeda

အီဗရာဟီဗိုမစ်

ဇလာတန်အီဗရာဟီမိုဗစ်ကလည်း အေစီမီလန် အင်တာမီလန် ဂျုဗင်တပ်စ် အေဂျက်စ်နဲ့ ဘာစီလိုနာတို့လို ဥရောပအသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ဖူးပေမယ့်လည်း ချန်ပီယံလိဂ်ဖလားနဲ့တော့ ကံမပါခဲ့ပဲ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖြစ်ခဲ့လို့သာ ယူရိုပါလိဂ်ဖလားကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာလည်း မိုဗစ်ဟာ အေစီမီလန်အသင်းမှာ ကစားနေရတာဖြစ်ပြီး မီလန်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ယူရိုပါလိဂ်လောက် ပါဝင်နိုင်ရအောင်တောင် မနည်းရုန်းကန်နေရပါတယ်။

Photo Credit : Sportskeeda

တော့တီ

ရိုးမားတစ်သင်းတည်းမှာပဲ ကစားသမားဘဝ အဆုံးသတ်သွားချိန် သစ္စာရှိရှိနဲ့ ပေးဆပ်ကစားသွားခဲ့တဲ့ တော့တီကလည်း သူရဲ့အခုလို ရိုးမားအသင်းအပေါ် သစ္စာရှိခဲ့မှုကြောင့် ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရတာလို့ ယူဆနိုင်ပါတယ်။ တော့တီကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်လည်း တော့တီကတော့ ကမ်းလှမ်းမှုတိုင်းကို ပယ်ချခဲ့တာကြောင့် သူ့အတွက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးက လမ်းဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Sportskeeda

ဘက်ဂီယို

အီတလီဘောလုံးလောကရဲ့ အကျော်အမော်တစ်ဦးဖြစ်သူ တိုက်စစ်ကစားသမားကြီး ရောဘတ်တိုဘက်ဂီယိုမှာလည်း သူရဲ့ကစားသမားဘဝအတွင်းမှာ စီးရီးအေနာမည်ကျော်အသင်းများဖြစ်တဲ့ ဂျုဗင်တပ်စ် အေစီမီလန် အင်တာမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ အကြိမ်ကြိမ်ဝင်ရောက်ကစားခွင့်ရခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်ထိပဲ အမြင့်ဆုံးရောက်ခဲ့ဖူးပြီး ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ အလှမ်းဝေးခဲ့ပါတယ်။

Photo Credit : Sportskeeda

လိုသာမာသီးယက်စ်

ဂျာမန်ဘောလုံးသမားဟောင်းတွေထဲမှာ အရမ်းကိုကောင်းမွန်လှတဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး လိုသာမာသီးယက်စ်ကတော့ ဘိုင်ယန်အသင်းနဲ့အတူ ဘွန်ဒက်လီဂါဖလား ရကြိမ် ဂျာမန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားတစ်ကြိမ်နဲ့ ဘလွန်းဒီအောဆုကိုပါ တစ်ကြိမ်ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပရိသတ်တွေအားလုံး မှတ်မိနေကြမယ့် ဘိုင်ယန်က ယူနိုက်တက်အသင်းကို အချိန်ပိုမှာ အရေးနိမ့်ခဲ့တဲ့ ၁၉၉၉ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ မာသီးယက်စ်က ဘိုင်ယန်အတွက် ပါဝင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားနဲ့ ကံဆိုးစွာ ကပ်လွဲခဲ့ရပါတယ်။

Photo Credit : Sportskeeda

ရော်နယ်ဒို

ပေါ်တူဂီအသင်းရဲ့ ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ဖလားကို ၅ကြိမ်အထိ ပိုင်ဆိုင်ခဲ့ပေမယ့် သူရဲ့စီနီယာကြီး ရော်နယ်ဒိုကတော့ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆုကြီးကို ပိုင်ဆိုင်ခဲ့သလို ဘလွန်းဒီအောဆုအပါအဝင် တစ်ဦးချင်းဆုပေါင်းများကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီ အင်တာမီလန် ရီးရဲလ်မက်ဒရစ်တို့လို အသင်းမျိုးတွေမှာ ပါဝင်ခဲ့ရသလောက် ချန်ပီယံလိဂ်ဖလားနဲ့တော့ ကံဆိုးစွာ လွဲချော်ခဲ့ရပါတယ်။